လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

12-Jan-2021

နေပြည်တော်   ဇန်နဝါရီ   ၁၁

ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန၊  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ဌာနဆိုင်ရာ  အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့် အာဏာကိုအသုံးချပြီး ကိုယ်ကျိုးအတွက် စီးပွားရှာ၍ မမှန်မကန်ဆောင်ရွက် နေမှုများကြောင့် အဂတိလိုက်စားမှုပပျောက်ရေးအတွက် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အထွေထွေ မန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန်ထိန်းသိမ်းမှု စစ်ဆေးရေး ဌာနခွဲ၏ ညွှန်ကြားရေးမှူးရာထူးနှင့်    လေကြောင်းပျံသန်းမှုလမ်းညွှန် ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ  ရာထူးတာဝန်များကို တာဝန် ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ကိုယ်ပိုင် စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent (operator) များထံမှ လေကြောင်း ဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေဖြင့်  permit နံပါတ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ  ၁၀၀,  ၆၀,  ၄၀ စသဖြင့် ပေးရန်  ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်း ကြားခဲ့ပြီး  ပြည်ပ Agent (operator) ၁၂ ခုတို့က   အလီလီပေးပို့သည့် အမြန်ဆောင်ရွက်ခအပါအဝင်   အမေရိကန်ဒေါ်လာ  ၇၂၀၆၆ ဒေါ်လာကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်းနှင့်   ငွေကြေးများ  လက်ခံရယူခဲ့ခြင်းတို့သည်  ရာထူး တာဝန်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။

သတင်းစဉ်