ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်ကိုဆက်သွယ်ပေးမည့် မင်းသန်း-မောင်းလှော် တံတားတည်ဆောက်

30-Nov-2022

တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့ နယ်ကိုဆက်သွယ်ပေးမည့် မင်းသန်း-မောင်းလှော်တံတားကို  တည်ဆောက်လျက်ရှိကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှ သိရသည်။

အဆိုပါ မင်းသန်း-မောင်းလှော်တံတားသည် တံတားအရှည်စုစုပေါင်း ပေ ၂၁၀၀၊  ယာဉ်သွားလမ်း အကျယ် ၂၂ ပေ၊ ရေလမ်းကင်း လွတ်အကျယ် ၁၆၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၆ ပေ ရှိပြီး တံတားခန်းဖွင့်အနေဖြင့် ၂၀ မီတာတစ်ခန်း၊ ၃၀မီတာကိုးခန်း၊ ၆၀ မီတာ တစ်ခန်း၊ ၃၀ မီတာကိုးခန်းနှင့် ၂၀ မီတာတစ်ခန်း တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ တံတားအောက်ခံအုတ်မြစ်များအား အချင်း ၁ ဒသမ ၂ မီတာရှိသည့် ဘိုးပိုင်များဖြင့်တည်ဆောက်ထားကာ  တံတားကိုယ်ထည်သည်  R.C Concrete ဖြစ်ပြီး  တံတား အပေါ် ထည်အား R.C Girder ၊ P.C Girder ၊ Steel Box Girder & R.CSlab ဖြင့်တည်ဆောက်သွား မည်ဖြစ်ကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။

လက်ရှိတွင် တံတားအောက်ခြေအုတ်မြစ်လုပ်ငန်းနှင့် တိုင်လုပ်ငန်းများဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ  တံတားတစ်စင်းလုံး ပြီးစီးမှုအနေဖြင့် ၃၀ ရာခိုင်နှုန်းဖြစ်သည်။  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် မောင်းလှော် ဘက်ကမ်း ရေလယ်တိုင်များနှင့် ကမ်းကပ်ခုံများတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မင်းသန်းဘက်ကမ်း၌ ကွန်ကရစ်ရက်မများ တပ်ဆင်ခြင်း နှင့် ကြမ်းခင်းများ တည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မင်းသန်း-မောင်းလှော်  တံတားအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်ဆောင်ရွက်ပြီး တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းစီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၁၃၆၅၀ အပါအဝင် ချဉ်းကပ်လမ်းအတွက် ငွေကျပ်သန်း ၁၄၁၀ အကုန်အကျခံ တည်ဆောက် နေခြင်းဖြစ်ကာ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ခန့်မှန်းတည်ဆောက်ပြီးစီးရန် လျာထားကြောင်းနှင့်   အဆိုပါ တံတားသစ်တည်ဆောက်ပြီးစီးပါက ဒေသခံများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များကို နေ့ည အချိန်မရွေးလုံခြုံစိတ်ချစွာ   ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။