အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး တနင်္လာနေ့ စထိုးပေးနိုင်မည်

13-Dec-2020

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရသူ ၃ သိန်းလောက် ရှိလာချိန်မှာပဲ အစိုးရက သောကြာနေ့ညဘက်မှာ ကာကွယ်ဆေးကို အရေးပေါ်အခြေနေသုံးစွဲခွင့် ချပေးလိုက်တဲ့အတွက် တနင်္လာနေ့ အစောပိုင်းလောက်မှာ အမေရိကန်နိုင်ငံတွင်းက ပြည်နယ်တွေမှာ ကာကွယ်ဆေးတွေ ရတော့မှာ ဖြစ်ပါတယ်။

ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီတွေဖြစ်တဲ့ UPS နဲ့ FedEx တို့ဟာ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေး အလုံးပေါင်း ၃ သန်းလောက်ကို ပြည်နယ်တွေမှာရှိတဲ့ ဖြန့်ဖြူးရေးစင်တာပေါင်း ၁၅၀ လောက်ကို တနင်္ဂနွေနေ့မှာ စတင်ပေးပို့တော့မှာဖြစ်ကြောင်း သမ္မတ Donald Trump အစိုးရအဖွဲ့ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှု အစီအစဉ် Operation Warp Speed ကို ကြီးကြပ်တဲ့ ဗိုလ်ချုပ်ကြီး Gustave Perna က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

နောက်ထပ် ဖြန့်ဖြူးရေးစင်တာ ၄၅၀ ဒါမှမဟုတ် နောက်ဆေးဘက်ဆိုင်ရာ ဌာနတွေကတော့ ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့လောက်မှာ ရရှိမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီကာကွယ်ဆေးကို ဘယ်သူတွေကို အရင်ပေးမယ်ဆိုတာ သေသေချာချာ မသိရသေးပေမယ့် ကျန်းမာရေးလုပ်သားတွေနဲ့ လူအိုရုံတွေမှာရှိတဲ့ သူတွေကို ဦးစားပေး ထိုးပေးဖို့ရှိပါတယ်။

ဗိုလ်ချုပ်ကြီး Perna ကတော့ ဘယ်သူ့ကို ဒီဆေးပေးသင့်တယ် ဆိုတာကို ကျန်းမာရေး အာဏာပိုင်တွေ ဆုံးဖြတ်ကြမှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီက BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးအတွက် မက္ကဆီကိုက သောကြာနေ့မှာပဲ အရေးပေါ်အခြေနေသုံးအတွက် အတည်ပြုပေးခဲ့တာပါ။

ဒီဆေးအတွက် အမေရိကန်နဲ့အတူ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ဆော်ဒီအာရေဗျနဲ့ မက္ကဆီကို ၆ နိုင်ငံက အရေးပေါ်အခြေနေသုံးဖို့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

VOA News