ဗီယက်နမ်နိုင်ငံက ပြည်တွင်းဖြစ် ဗိုင်းရပ်စ်ကာကွယ်ဆေး လူသားဖြင့်စမ်းသပ်မှု စတင်တော့မည်

04-Nov-2020

ဟနွိုင်း နိုဝင်ဘာ ၃

နာနိုဂျင်ကုမ္ပဏီက သုတေသနပြုပြီး ထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်မျိုးကို ယခုလအတွင်း လူသားဖြင့် စမ်းသပ်မှုစတင် မည်ဟု မျှော်လင့်ရသည်။

သက်ဆိုင်ရာ စာချုပ်စာတမ်းများ၊ လုပ်ထုံးလုပ်နည်း များ ပြီးစီးအောင်လုပ်ဆောင်ရန် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်သည့် နာနိုဂျင်ကုမ္ပဏီအား ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ သိပ္ပံ၊ နည်းပညာနှင့် လေ့ကျင့်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ငုယင်ငေါင်ကွမ်က တောင်းဆို လိုက်သည်။ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် ၁ စမ်းသပ်မှု ကို လူ ၂၀၊ အဆင့် ၂ စမ်းသပ်မှုကို ၆၀၀၊ အဆင့် ၃ စမ်းသပ်မှုကို ၁၀၀၀၀ ကျော်ဖြင့် လုပ်ဆောင်မည် ဖြစ်သည်။ နာနိုဂျင်ဗိုင်းရပ်စ်ကာကွယ်ဆေးက ဗီယက်နမ် နိုင်ငံ၏ အလားအလာအကောင်းဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ဖူးသည်။

ယခုအခါ နာနိုဂျင် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းမှုနှင့် ကိုယ်ခံစွမ်းအားအတွက် တိရစ္ဆာန်များနှင့် စမ်းသပ်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ၌ နာနိုဂျင်အပြင် IVAC၊ Vabiotech နှင့် Polyvac သုတေ သနဌာနတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးမျိုး စမ်းသပ်ထုတ်လုပ်လျက်ရှိသည်။ စမ်းသပ်မှုအောင်မြင်ပါ က နာနိုဂျင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက လူသား ဖြင့် စမ်းသပ်သည့် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးသော ဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃၈ မျိုး လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

ကိုးကား - ဗွီအင်န်အေ

ဘာသာပြန် - ကျော်ထိုက်စိုး