ကပ်ဘေးထောက်ပံ့ကြေး မရသူတွေ တိုင်ကြားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

18-Nov-2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ  သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး အစိုးရထောက်ပံ့ကြေး မရတဲ့ သူတွေ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၆ ရက်က ပြောသွားပါတယ်။ အချက်လက်ကောက်ခံမှု၊  မူချမှတ်မှု အားနည်းချက်တွေကြောင့် မြေပြင်မှာ  ထောက်ပံ့ကြေးကို လိုအပ်သူအများအပြား မရကြတာ၊ တတ်နိုင်သူတွေ ရနေကြတာ စတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဝေဖန်နေကြပါတယ်။

ကပ်ဘေးကာလ ကန့်သတ်မှုကြောင့် အလုပ်အကိုင် ပျက်ယွင်းနေချိန်မှာ အခြေခံ လူတန်းစားတွေအတွက် အစိုးရ အနေနဲ့ ထောက်ပံ့ကြေးပေးတာ လေးကြိမ်မြောက် ရှိလာချိန်မှာ အားနည်းလစ်ဟာချက်တွေ ဆက်လက်ပေါ်ပေါက် နေပြီး အစိုးရက ဒါကို ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားလာနေပါတယ်။

အရင်ထောက်ပံ့ကြေးပေးတုန်းကလည်း ရသင့်သူ အများအပြား ကျန်ရစ်ခဲ့ပါတယ်။ အခုဒီတခါ လေးကြိမ်မြောက် မှာတော့ အုပ်ချုပ်ရေးရုံးတွေမှာ လူစုလူဝေးတွေ၊ ဆန္ဒပြတာတွေအထိ ဖြစ်လာပါတယ်။

အစိုးရအနေနဲ့ အခြေခံလူတန်းစားအားလုံးကို ဘယ်သူ့ကိုမှမချန်ဘဲ ပေးတာဖြစ်တဲ့အတွက် ကျန်ခဲ့ရင် တိုင်ကြားဖို့ ဌာနတွေဖွင့်ထားပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၆ ရက်ညက ပြည်သူတွေကို အစီရင်ခံ တင်ပြတဲ့ ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းတဲ့မိန့်ခွန်းမှာ ပြောသွားတာပါ။

"ထောက်ပံ့ကြေးပေးတာဟာဆိုရင် အခုဆို စတုတ္ထအကြိမ်ရှိပါပြီ။ ပထမ၊ ဒုတိယ၊ တတိယ အားလုံးချောချော မွေ့မွေ့ဖြစ်ခဲ့ပါတယ်။ အခုစတုတ္တအကြိမ်မှာ တချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီး နည်းနည်းဆူပူတာတွေ ဖြစ်တယ်ဆိုတာ ကျမတို့တွေ့ရပါတယ်။ ဒါတွေကလည်း မလိုအပ်ပါဘူး။ ဘာလို့ဆိုတော့ ဘယ်သူ့ကိုမှချန်ခဲ့ဖို့ မရှိပါဘူး။ ဘယ်သူ့ကိုမှလည်း ချန်ခဲ့မှာမဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်ကြား နိုင်တဲ့ဌာနတွေကို စပြီးတော့ ဖွင့်ပါပြီ။ အေးအေးဆေးဆေးနဲ့ တိုင်စာဌာနမှာ တိုင်ကြပါ။ အခြေအနေ ဘယ်လို ဖြစ်တာလဲပြောပါ။ ကျန်ခဲ့တယ်ဆိုရင် ကျမတို့က ပံ့ပိုးပေးမှာဖြစ်ပါတယ်။"

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ပထမအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းခန့် အတွက် ၇၂ ဘီလီယံ၊ ဒုတိယအကြိမ် ၂၁၈ ဒသမ ၃ ဘီလီယံ၊ တတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၇ သန်းအတွက် ၁၁၃ ဒသမ ၉ ဘီလီယံ၊ အခုပေးနေတဲ့ စတုတ္တအကြိမ်မှာတော့ အိမ်ထောင်စု ၆ ဒသမ ၁ သန်း အတွက် ၁၆၄ ဘီလီယံကို အစိုးရက‌ ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ သိရပါတယ်။

ထောက်ပံ့ကြေး ရသင့်တဲ့သူတွေ မရတဲ့အခြေအနေမှာ လုပ်ငန်းရှိတဲ့သူတွေ၊ လမ်းမှူး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်ပြေတဲ့သူတွေ ရနေကြတယ်လို့  RFA ကို ပြောလာကြပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်က ဦးသိန်းထွန်းက ထောက်ပံ့ကြေး နှစ်သောင်းကို ချို့တဲ့သူတွေက အပြည့်အဝ မရကြပေမဲ့  အိမ်၊ ကား ပိုင်တဲ့သူတွေက ရကြတာတွေရှိတယ်လို့ ပြောပါတယ်။

"နှစ်သောင်းတော့ သုံးခါရှိပြီရတာ၊ အခုတခါကျတော့ ကားပိုင်တွေလည်းပါတယ်။ တိုက်နဲ့ ကားနဲ့ နေတဲ့သူတွေ ကိုလည်း ပေးတယ်။ ကျန်တဲ့နေ့စားသမားတွေကျတော့ ၁၂၇၀၀ ပဲရတယ်။ ကျန်တဲ့သူတွေက မပြောရဲဘူး။ ကြေညာထားတာက အခြေခံလူတန်းစားကို ပေးရမယ်ပြောတာ အခုတော့ ရတာ ကားပိုင်တွေရော၊ တိုက်နဲ့ ကားနဲ့လူတွေရော"

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် လှော်ကားတာဆုံ၊ သာစည်ကျောင်းလမ်းမှာ ကျုးကျော်နေထိုင်သူ တစ်ယောက် ဖြစ်တဲ့ ဦးမြင့်ဦးကတော့ ထောက်ပံ့ကြေးငွေတွေ အပြည့်မရလို့ မယူဘဲ ငြင်းခဲ့တယ်လို့ ပြောပါတယ်။

"နိုင်ငံတော်က ချီးမြှင့်ပေးတဲ့ငွေကို အပြည့်မပေးလို့ ကျနော်တို့ လက်မခံဘူး။ ပထမဆုံး ငါးထောင်၊ နောက် တခေါက် က ၁၃၀၀၀ ပေးတယ်။ ကျနော်တို့ကို နှစ်သောင်းဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ အဆင်မပြေတော့ ယူထားလိုက်တာပေါ့။ အုပ်ချုပ်ရေးကိုတိုင်တဲ့ရက်စွဲ‌တွေ အကုန်လုံးရှိတယ်။ တိုင်တော့လည်း အရေးယူတာ မရှိဘူး၊ အခုလည်း လေးသောင်းကို ၃၃၅၀၀ပဲရတယ်။ ကျနော်မယူဘူး။ လက်မှတ်လည်း မထိုးပေးဘူး။"

အခုလိုဖြစ်တာတွေက နေရာဒေသတချို့မှာ သတင်းအချက်လက် ပြည့်ပြည့်စုံစုံမရတာတွေ၊ စာရင်းကောက်ချိန်မှာ မပြည့်စုံတာတွေ၊ အိမ်ထောင်စုတစ်ခုစီတိုင်းကို လေးသောင်းပေးမယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ပြီး အရင် စာရင်းမှာ မပါတဲ့သူတွေကပါ ထောက်ပံ့ကြေးရယူဖို့ တောင်းဆိုလာတာကြောင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကြားမှာ နားလည်မှုလွှဲမှားနေတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက RFA ကို ပြောပါတယ်။

အခုပေးတာကလည်း Stay at Home သတ်မှတ်ထားတဲ့ နယ်မြေတွေဆိုရင် ကျပ် လေးသောင်းနှုန်းဖြစ်ပြီး ပြင်ပနယ်မြေတွေကိုတော့ ကျပ် နှစ်သောင်းနှုန်း ထောက်ပံ့တာလို့လည်း ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စာရင်းကောက်ယူတဲ့ကိစ္စ၊ အငြင်းပွားမှုတွေ၊ မကြေလည်မှုတွေနဲ့ ပတ်သက်ပြီး မြို့နယ် အဆင့် တိုင်ကြားမှု ဖြေရှင်းရေးဌာနတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီးဖွင့်လှစ်ဖို့၊ ပြည်သူတွေ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးဖို့၊ မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးတာ တွေကို ခရိုင်အဆင့်က အနီးကပ်ကြီးကြပ် ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အသီးသီးကို အချိန်နဲ့တစ်ပြေးညီ တင်ပြဖို့၊ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် သတင်းထုတ်ပြန် ရှင်းလင်းခြင်းတွေ ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို ညွှန်ကြားထားတဲ့အကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီလိုထောက်ပံ့ကြေးတွေ မပေးခင် ကိုယ့်ရပ်ကွက်၊ ကျေးရွာမှာရှိတဲ့ လူဦးရေနဲ့ ထောက်ပံ့ပေးရမယ့် လူဦးရေ တွေကို သေချာအချိန်ယူပြီး ကောက်တာ၊ ဘယ်လောက်ထောက်ပံ့မယ်ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းချပြ တာမျိုးတွေ လိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုးက ဝေဖန်ထောက်ပြပါတယ်။

"အချက်အလက်ကလေ ကျနော်တို့ဆီမှာက အုပ်ချုပ်ရေးရုံးက အချက်အလက်၊ အလုပ်သမားဝန်ကြီးဌာနက အချက်အလက်၊ အချက်အလက်တွေက ပလူပျံနေတာ၊ အချက်အလက်တွေပေါ် အခြေခံပြီး လူတွေရဲ့ လူမှု ဘဝကိုခွဲခြားရတာက တစ်ရွာတစ်ပုဒ်ဆန်းလုပ်နေတာနဲ့ တူနေသလိုပဲ။ ပိုက်ဆံ လေးသောင်း မပေးခင်မှာ ဒီမြို့နယ်၊ ဒီကျေးလက်၊ ဒီရပ်ကွက်ထဲမှာ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်ပေးရမယ်ဆိုတာ တခါတည်း ကြေညာထားပြီးမှ ပိုက်ဆံပေးရမှာ၊ အခုပိုက်ဆံပေးခါနီးမှ ကောက်လိုက်တာဆိုတော့ အဲဒါတွေ နည်းနည်း လွဲသွားတာဖြစ်မယ်။"

စစ်ကိုင်းတိုင်းမှာပုံမှန်ဝင်ငွေ မရှိတဲ့သူတွေ ငွေကြေးထောက်ပံ့တာနဲ့ ပတ်သက်ပြီး မြို့နယ်အလိုက် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ဒီနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

အရင်အကြိမ်တွေတုန်းက ထောက်ပံ့ကြေးပေးဖို့ သတင်းအချက်လက်တွေကို အမြန်ကောက်ယူရတာကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေ ကောက်ယူရတာဖြစ်တဲ့အကြောင်း၊ အဲဒီမှာ အချက်လက်ကောက်ယူလို့ ကျန်တဲ့သူတွေကို နောက်နောင်မဖြစ်အောင် သတိပေးလက်မှတ်တွေ ထိုးခိုင်းခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

အခြေခံလူတန်းစားမဟုတ်ဘဲ အဆင်ပြေချောင်လည်ပေမယ့် လမ်းမှူး၊ ဆယ်အိမ်မှူးတွေနဲ့ နီးစပ်တဲ့တာကြောင့် ထောက်ပံ့ကြေးပေးတာတွေ ရှိရင်လည်း သတိပေးမှာဖြစ်ပြီး မလိုက်နာရင် တိုင်းအစိုးရအဖွဲ့ရုံးအထိ တင်သွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးရုံး ဦးစီးအရာရှိ ဦးချန်မျိုးထွန်းက RFA ကို ပြောပါတယ်။

"သူတို့တင်တဲ့စာရင်းကို ကျနော်တို့က ထုတ်ပေးလိုက်တာ။ အောက်ခြေမှာ သူတို့ပေးတာကျတော့ ကျနော် တို့က အသေးစိတ် မသိရတော့ဘူး။ အခြေခံလူတန်းစားမဟုတ်ရင် ဆက်ပေးလို့ မရဘူးဆိုတာတော့ ညွှန်ကြား ရမှာပေါ့။ ညွှန်ကြားချက်ကတော့ အဲလိုပဲ ဒါပေမဲ့ အကုန်လုံး လိုက်နာမယ်လို့ အာမမခံရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အုပ်ချုပ်ရေးမှူးက မျိုးစုံရှိတာကို ညွှန်ကြားတာကို လိုက်နာတဲ့သူရှိတယ်၊ မလိုက်နာတဲ့သူရှိတယ်။ အဲဒါတော့ ကျနော်တို့က တိုင်းအစိုးရအဖွဲ့ရုံးကို တင်မှာလေ။ တိုင်းအစိုးရအဖွဲ့ရုံးက အမိန့်ပေးတဲ့အတိုင်း လုပ်ရတာပဲ။ သူ့ပြစ်ဒဏ်ပေါ့ မူတည်တာပေါ့။ သူ့ရဲ့လုပ်ဆောင်မှုအပေါ်မှာပဲ"

ထောက်ပံ့ကြေးပေးတဲ့နေရာမှာ ကယားကတော့ ရာနုန်းပြည့် ပေးအပ်ထားပြီး၊ ကချင်၊ ကရင်နဲ့ ဧရာဝတီကတော့ ၈၀ ရာခိုင်နှုန်း၊ နေပြည်တော်၊ ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးစတဲ့ တိုင်းနဲ့ပြည်နယ်တွေကတော့ ၇၀ ရာခိုင် နှုန်းကျော်၊ ရန်ကုန်တိုင်းကတော့ ၆၅ ရာခိုင်နုန်းကျော်၊ ရှမ်း၊ ရခိုင်တို့ကတော့ ၅၀ ရာခိုင်နှုန်းအောက် ထောက်ပံ့ ပေးထားပြီးပြီလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်ကနေ သိရပါတယ်။

Crd RFA