ကန်ဝန်ကြီး ဥရောပ နဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်

14-Nov-2020

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ၇ နိုင်ငံကို သွားရောက်မယ့် ဆယ်ရက်ကြာ ခရီးစဉ်ကို သောကြာနေ့မှာ စတင်လိုက်ပါတယ်။ ဒီခရီးစဉ်မှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာတွေကို ဦးစားပေးဆွေးနွေးဖို့ ရှိပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့တဲ့ ဂျိုးဘိုင်ဒန်ကို ကြိုဆိုဂုဏ်ပြုတဲ့ နိုင်ငံအများအပြားက ခေါင်းဆောင်တွေထဲမှာ အခု ဝန်ကြီး Pompeo သွားမယ့် နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

ဝန်ကြီး Pompeo ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ပထမဆုံး သွားရောက်မှာ ဖြစ်ပြီး စီးပွါးရေးနဲ့ လုံခြုံရေး အပြင် အကြမ်းဖက်ဝါဒစွဲ တိုက်ဖျက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတွေ နဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanual Macron ၊ နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ တကွ တခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီခရီးစဉ်မှာ ဒုတိယသွားရောက်မှာက တူရကီနိုင်ငံ Istanbul မြို့ဖြစ်ပြီး အဲဒီမှာ အရှေ့ပိုင်း Orthodox ခရစ်ယန်ဘုရားကျောင်းက ဘုန်းတော်ကြီး Bartholomew နဲ့ တွေ့ဆုံပြီး ကမ္ဘာတလွှား ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ရဲ့ ရပ်တည်ချက်ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း ဝန်ကြီး Pompeo ဟာ ဂျော်ဂျီယာ နိုင်ငံအပြင် အစ္စရေးကိုလည်း သွားရောက်မှာ ဖြစ်ပြီး မကြာသေးခင်ကမှ ချုပ်ဆိုခဲ့တဲ့ Abraham သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် UAE မှာ အိမ်ရှေ့မင်းသား Mohammed bin Zayd နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာတွေကို ဆွေးနွေးဖို့ရှိတဲ့အပြင် Qatar ခေါင်းဆောင် Tamim bin Hamad Al Thani နဲ့ ရောဆော်ဒီအာရေဗျ နိုင်ငံမှာ အိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ပါ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

Crd VOA News