ဘိုင်ဒင်အနိုင်ရရှိသဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်လာမည်ဟု တရုတ်နိုင်ငံဘက်မှ မျှော်လင့်

10-Nov-2020

ရှန်ဟိုင်း  နိုဝင်ဘာ  ၉

အမေရိကန်ရွေးကောက်ပွဲတွင်  ဒီမိုကရက်ပါတီမှ ဘိုင်ဒင်အနိုင်ရရှိခဲ့ခြင်းကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေး အထူးသဖြင့် ကုန်သွယ်မှုတွင် အလားအလာ ကောင်းများ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်စ် သတင်းစာက  ဖော်ပြသည်။

အမေရိကန်ရွေးကောက်ခံ သမ္မတ ဘိုင်ဒင်မှာ  တရုတ်-ဟောင်ကောင် အရေးကိစ္စများအပေါ်  ဖိအားပေးမည်မဟုတ်သလို ကုန်သွယ်ရေးကဏ္ဍတွင်လည်း ဖြေလျှော့မှုအချို့ကို   လုပ်ဆောင်ပေးမည်ဟုမျှော်လင့်ရကြောင်း    အဆိုပါ မီဒီယာကပင် ဆက်လက်ဖော်ပြသည်။ ထရမ့်၏ မဲဆွယ်စည်းရုံးမှုတွင် အမေရိကန်  ပထမမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို ထရမ့်၏ သမ္မတသက်တမ်းအတွင်း၌လည်း   တရုတ်ကုန်စည်များအားလုံးကို   အခွန် စည်းကြပ်မှုနှုန်း   များစွာတိုးမြှင့်ခြင်း၊   အချို့ကို   အမေရိကန်ဈေးကွက်မှ ဖယ်ရှားပစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သောကြောင့်  တရုတ်နိုင်ငံ၏ စီးပွားရေးမှာ သမ္မတ ထရမ့်လက်ထက်တွင် အနည်းငယ်ကျဆင်းသွားခဲ့သည်။ 

“တရုတ်-အမေရိကန်ဆက်ဆံရေးဆိုတာ  နှစ်နိုင်ငံပြည်သူတွေ  အကျိုး အတွက်မက  တစ်ကမ္ဘာလုံးအတွက်ပါ  အကျိုးရှိစေတဲ့  ဆောင်ရွက်မှုတွေပါ။       နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင်  တည်ဆောက်ခြင်းက  ကိစ္စရပ်တွေကို ပိုလွယ်စေမယ်၊ ထိန်းချုပ်လို့ရစေပါမယ်” ဟု ရေးသားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို ကုန်သွယ်မှုဖြင့်ပင် စတင်မည်ဖြစ်ပြီး နှစ်နိုင်ငံပို့ကုန်သွင်းကုန်များ ဆက်လက်တိုးတက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကျဆင်းသွားသည့် အမေရိကန်နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာ ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နိုင်ငံတကာဈေးကွက်သို့  ဖြန့်ကြက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ကိုးကား-စီအင်န်အေ၊

ဘာသာပြန်-မေလဲ့သင်း