ကပ်ဘေးအကြောင်းပြပြီး မန္တလေးက အလုပ်သမားတွေ အလုပ်ထုတ်ခံနေရ

11-Dec-2020

ကိုရိုနာဗိုင်းရပ် စတင်တွေ့ရှိတဲ့အချိန်မှာ စက်ရုံအလုပ်ရုံတစ်ချို့ ပိတ်သိမ်းခံရပြီး အလုပ်သမားတွေ အလုပ်ဖြုတ်ခံနေရတာတွေရှိပါတယ်။ ဒါပေမဲ့ မန္တလေးမြို့က အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား တချို့ဟာ စက်ရုံပိတ်သိမ်းရလို့ မဟုတ်ဘဲ သမဂ္ဂလှုပ်ရှားမှုတွေကြောင့် ဖြစ်နေရပါတယ်။

မန္တလေးမြို့မှာ အလုပ်ဖြုတ်ခံရသူ ၆၀၀ ကျော်ရှိပြီး အများစုက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သမဂ္ဂဖွဲ့စည်းနေဆဲအချိန်မှာ ထုတ်ပယ်ခံကြရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က ပြောပါတယ်။

အလုပ်ထုတ်တဲ့ကုမ္ပဏီတွေဟာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေ၊ ကုန်တင်ကုန်ချလုပ်ငန်းတွေ၊ စိုက်ပျိုးရေးပစ္စည်း ကုမ္ပဏီတွေ၊ လက်တွန်းထွန်စက်ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ကျောက်စိမ်းလက်ကောက် စက်ရုံလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။

ဒီလိုတွေဖြစ်နေတာကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို တင်ပြသွားမယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က ပြောပါတယ်။

“အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ကိုရိုနာဗိုင်းရပ် အကြောင်းပြပြီးတော့ မရေရာတဲ့ အကြောင်းပြချက်တွေပါ။ စီးပွားရေးမကောင်းလို့ အလုပ်ဖြုတ်တယ်ဆိုရင် လက်ခံပါတယ်။ စက်ရုံတွေ ပိတ်လိုက်ရလို့ သူတို့အနေနဲ့ ကုန်ကြမ်းတွေမရလို့၊ ကုန်ချောတွေ ရောင်းမကောင်းလို့ အလုပ်ဖြုတ်တယ်ဆိုရင် လက်ခံပါတယ်။ အလုပ်ထုတ်ပေမယ့် စက်ရုံတွေ မပိတ်ဘူး၊ လူသစ်တွေခေါ်တယ်၊ စက်ရုံတွေလည်း တိုးချဲ့ပါတယ်”

၂၀၁၁ ခုနှစ် အလုပ်သမားဥပဒေမှာတော့ အလုပ်သမားတွေဟာ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တာ၊ သပိတ်မှောက်တာတွေမှာ ပါဝင်တာနဲ့ အလုပ်မထုတ်ရဘူးလို့ ပြဌာန်းထားပြီး အဲဒီထုတ်ပြန်ချက်ကို အလုပ်ရှင်က မလိုက်နာခဲ့ရင် တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေတွေရှိနေပေမယ့် အလုပ်သမား သမဂ္ဂအဖွဲ့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်က အရေးယူ ကာကွယ်ဆောင်ရွက်ပေးတာ မရှိဘူးလို့ ကိုသက်နှင်းအောင်က ပြောပါတယ်။

သမဂ္ဂအဖွဲ့ဝင်တွေကိုမှ ဖြုတ်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က RFA ကို ပြောပါတယ်။

“သမဂ္ဂအဖွဲ့ဝင်တွေ ဖြုတ်တာတော့မဟုတ်ဘူး။ တချို့စက်ရုံတွေက ဟိုဖက်က ကုန်မပို့နိုင်လို့ စက်ရုံနားပြီး အလုပ်ရှင်၊ အလုပ်သမား နစ်နာကြေးတွေပေးပြီး ပိတ်လိုက်တာတွေရှိတယ်။ တချို့ စက်ရုံတွေလည်း ဖွင့်တာတွေရှိတယ်’’

ခုလိုလုပ်ခံရတာနဲ့ပတ်သတ်ပြီး ကျေနပ်မှုမရှိတာကြောင့် သက်ဆိုင်ရာကို တိုင်ကြားသွားမယ်လို့ ကုမ္ပဏီကြီးတစ်ခုမှာ ယာဉ်မောင်းလုပ်ကိုင်ခဲ့တဲ့ ကိုကျော်သက်ဝေက ပြောပါတယ်။

“အလုပ်ထုတ်ခံရတဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်လောက်က သမဂ္ဂအဖွဲ့ဝင်တွေပါ။ ဌာနပေါင်းစုံက ထုတ်တာ။ ရွေးပြီးထုတ်တာ။ ဥပဒေနဲ့ မညီဘူး၊သူတို့ပေးတဲ့ နစ်နာကြေးက၊ လက်သင့်မခံပါဘူး၊ လတ်မှတ်လည်း မထိုးဘူး၊ အဲဒါကြောင့် အလုပ်သမားဝန်ကြီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်မယ်”

မြန်မာနိုင်ငံမှာဆိုရင် ကပ်ဘေးကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသူ ခုနှစ်သန်းနီးပါးထိရှိနေပြီလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ILO ခန့်မှန်းထားပါတယ်။

ဒီကာလမှာ အလုပ်ထုတ်ခံကြရသူအများစုဟာ နစ်နာကြေးအနေနဲ့လည်း အစိုးရသတ်မှတ်ထားတာ မရကြသလို အလုပ်ကနေ ရပ်နားခံရမယ်ဆိုတာကိုလည်း အချိန်နီးကပ်ပြီးမှသာ သိကြရတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ပြောကြပါတယ်။

ကိုရိုနာဗိုင်ရပ်ဖြစ်ပွားနေတဲ့ကာလမှာ စတင်ဖြစ်ပွားချိန်ပထမလှိုင်းမှာတုန်းက ရန်ကုန်မြို့က အလုပ်သမားတွေ အလုပ်ထုတ်ခံရတာများခဲ့ပြီး မန္တလေးမှာတော့ အခုဒုတိယလှိုင်းမှာ အလုပ်ထုတ်ခံရတာတွေ ပိုများတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က သိရပါတယ်။

အလုပ်ထုတ်တဲ့အခါမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ဦးစားပေးထုတ်နေတာလားဆိုတာနဲ့ ပတ်သက်ပြီး လက်တလော လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္မဏီကြီးတွေဆီ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရသလို မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းအမြစ်ဝန်ကြီးကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

RFA Burmese