ICJ ကို မြန်မာဘက်က ဒုတိယအစီရင်ခံစာ တင်သွင်း

25-Nov-2020

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု မရှိစေရေး အကာအကွယ်ပေးဖို့ နိုင်ငံတကာ တရားရုံး ICJ ရဲ့ ကြားကာလ အစီအမံ အမိန့်နဲ့ အညီ မြန်မာ အစိုးရဘက်က ဒုတိယမြောက် အစီရင်ခံစာကို တနလာၤနေ့က တင်သွင်းပါတယ်။ဒီ အစီရင်ခံစာကိုတော့ အများပြည်သူ ကြည့်ရှုနိုင်ရေး အတွက် ထုတ်ပြန်ဦးမှာ မဟုတ်ပါဘူး။

မြန်မာ အစိုးရဘက်ကတော့ တနင်္လာနေ့က အစီရင်ခံစာ တင်သွင်းမှုကို အသိပေး ထုတ်ပြန်ထားတာ မရှိသေးပေမယ့်လည်း အမေရိကန် အခြေစိုက် Global Justice Center က မြန်မာဘက်က ဒုတိယမြောက် အစီရင်ခံစာ တင်သွင်းမှုကို ကြိုဆိုကြောင်းနဲ့ အတူဘဲ ဒီ အစီရင်ခံစာ တင်ပြီ ဆိုတာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ အရေး ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို မေလ အတွင်း တင်သွင်းတာ ဖြစ်ပြီး အခု ၆ လ အကြာမှာ ဒုတိယမြောက် အစီရင်ခံစာကို တင်သွင်းရတာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တိုင်ကြားချက်နဲ့ ICJ မှာ နှစ်ဘက် ကြားနာ စစ်ဆေးအပြီး ဇန်နဝါရီ လထဲမှာဘဲ မြန်မာဘက်က ကြားကာလ အစီအမံ အဖြစ် လိုက်နာ ဆောင်ရွက်ဖို့ အရေးပေါ် စီမံ ဆုံးဖြတ်ချက် ၄ ချက်ကို တရားရုံးက အမိန့်ချခဲ့တာပါ။

လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ကျူးလွန်မှုတွေ မဖြစ်အောင် မြန်မာဘက်က ကာကွယ်ဖို့၊ စစ်တပ် လက်နက်ကိုင်တပ်တွေ အဖွဲ့အစည်းတွေဘက်က အလားတူ လုပ်ရပ်တွေ လှုံ့ဆော်မှု ကျူးလွန်မှု မရှိအောင် ထိန်းချုပ်ဖို့၊ သက်သေ အထောက်အထားတွေကို မဖျက်စီးဘဲ ထိန်းသိမ်းထားဖို့၊ ဒီအမှုကို တရားရုံးမှာ စစ်ဆေးနေစဉ် ကာလအတွင်း မြန်မာဘက်က ပထမ တခါ ၄ လ တကြိမ်၊ နောက်ပိုင်းမှာ ၆ လတကြိမ် ပုံမှန် အစီရင်ခံစာ တင်သွင်းဖို့ အမိန့်ချထားတာပါ။

ဒီကြားထဲ တရားရုံးက နောက်ထပ် အရေးပေါ် အစီအမံတွေလည်း ဆုံးဖြတ်နိုင်တယ်လို့ ပါပါတယ်။ Global Justice Center အဖွဲ့ကြီးရဲ့ ဥပဒေရေးရာ ညွှန်ကြားရေးမှူး Grant Shubin ကတော့ မြန်မာဘက်က ဒုတိယမြောက် အစီရင်ခံစာ တင်တဲ့ အပေါ်မှာ ကြိုဆိုကြောင်း ပြောပေမယ့်လည်း ရိုဟင်ဂျာတွေ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နိုင်ခြေ အလားအလာတွေ ပိုပြီး များလာစေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ အပြစ်က လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ အခြေခံ အရင်းအမြစ်တွေကို မြန်မာဘက်က ဘာမှ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ထောက်ပြ ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ခွင့် မရတဲ့ အခြေအနေနဲ့ ရိုဟင်ဂျာ မဲဆန္ဒရှင်တွေ မဲပေးခွင့် မရခဲ့တာဟာဆိုရင် အစိုးရဘက်က ခွဲခြား ဆက်ဆံမှုကို ပိုပြီးတော့ လုပ်လာတာလို့လည်း သူကပြောပါတယ်။ တရားရုံးရဲ့ အမိန့်နဲ့ ကိုက်ညီဖို့ ဆိုရင် ရိုဟင်ဂျာတွေကို စနစ်တကျ ခွဲခြားဆက်ဆံထားတဲ့ ဥပဒေတွေကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့ အပြင် စစ်တပ်ရဲ့ ကြီးစိုးမှုကိုလည်း ဖယ်ရှားဖို့ လိုအပ်မယ်လို့လည်း သူက ထောက်ပြပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ဒါပေမယ့်လည်း အခု ဒုတိယ သက်တမ်းမှာလည်း ရခိုင် အရေးကိစ္စကို အဓိက ဦးစားပေး ကိစ္စ တရပ် ထားရှိမယ်လို့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲမှာ ကတိပြုထားပါတယ်။ တချိန်တည်းမှာပဲ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ BROUK ကတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ကြားဖြတ်အမိန့် ထုတ်ပြန်ထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့တရားရုံးရဲ့ အမိန့်ကို မြန်မာနိုင်ငံက လိုက်နာအောင် နိုင်ငံတကာက ဖိအားပေးဖို့လည်း မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

Crd VOA News