အစိုးရ ထောက်ပံ့ကြေးကိစ္စ တိုင်ကြားမှု ရန်ကုန်တိုင်းက အများဆုံးဖြစ်နေ

25-Nov-2020

အစိုးရက ထောက်ပံ့ကြေးပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေကို တိုင်ကြားကြတဲ့အထဲမှာ ရန်ကုန်တိုင်းဒေသကြီးက တိုင်ကြားမှု (၉၃) ရာခိုင်နှုန်းနဲ့ တိုင်ကြားမှု အများဆုံးဖြစ်တယ် လို့ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အစိုးရထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး အငြင်းပွားတာ၊ မကျေနပ် တာရှိရင် တိုင်ကြားနိုင်ကြောင်း ကြေညာတဲ့ နိုဝင်ဘာ(၁၆)ရက်ကနေ နိုဝင်ဘာလ (၂၃) ရက်အထိ တိုင်ကြားစာပေါင်း ၃၇,၅၇၅ စောင် လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှ ာရန်ကုန်တိုင်းက တိုင်ကြားစာပေါင်း ၃၄,၉၇၈ စောင်ရှိတာပါ။

ဒီလို တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး စိစစ် မှုတွေ စတင်ဆောင်ရွက်နေပြီလို့လည်း ဦးမင်းသူကရေးသားထားပါတယ်။

လက်ရှိမှာ နိုဝင်ဘာလ ၂၃ ရက်အထိ ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပြီးစီးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၈)ခုရှိပြီး (၅) ရာခိုင်နှုန်းအောက် ထောက်ပံ့ဖို့ ကျန်ရှိတဲ့ တိုင်းဒေသကြီး ပြည်နယ် (၇) ခုရှိသေးတယ်လို့ သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း