မြန်မာ့လူဦးရေ ၂၀ ရာခိုင်နှုန်း ထိုးနှံခွင့်ရတော့မယ့် ကိုဗစ်ကာကွယ်ဆေး

28-Nov-2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ အသိအမှတ်ပြု ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ပေါ်ထွက်လာရင် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းကို ထိုးနှံပေးသွားမယ်လို့ ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

ဒီကာကွယ်ဆေးတွေကို ပုဂ္ဂလိကဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ ထိုးနှံနိုင်ဖို့အတွက်လည်း လမ်းညွှန်ချက်တွေချမှတ်ပြီး ခွင့်ပြုပေးသွားမယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆွစ်ဇာလန်အခြေစိုက် Gavi, The Vaccine Alliance အဖွဲ့က မြန်မာနိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေးတွေကို အထူးသက်သာတဲ့ ဈေးနှုန်း ဒါမှမဟုတ် အခမဲ့ ရရှိဖို့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးတလုံးကို မြန်မာနိုင်ငံအနေနဲ့ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ အောက်သာ ပေးရဖို့ ရှိပြီး ၂၀၂၁ ခုနှစ်ကျရင် စတင်ထိုးနှံပေးသွားမယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာစောဝင်းက ဘီဘီစီကို ပြောပါတယ်။

" ၂၀၂၁ ဒုတိယ သုံးလပတ်လောက်မှာ လူထုရဲ့ ၃ ရာခိုင်နှုန်းရမယ်။ အဲဒီကနေ ၂၀၂၁ ခုနှစ်ကုန်လောက်မှာ နောက်ထပ် ၁၇ ရာခိုင်နှုန်းထပ်တိုးပြီးတော့ အားလုံးပေါင်း ၂၀၂၁ ကုန်မှာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကတော့ ရမယ်။ Covax facility သေချာပေါက်ရဖို့ ရှိတယ်။"

ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ဖို့ အဆိုပြုလွှာကို Gavi အဖွဲ့ဆီကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပေးပို့သွားမှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးတွေကို လူနာတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါကူးစက်နိုင်ခြေများသူတွေ၊ အသက်ကြီးပြီး ရောဂါအခံရှိသူတွေနဲ့ နေရာဒေသ အလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေပေါ်မူတည်ပြီး ဦးစားပေးထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ပိုမိုဝယ်ယူနိုင်ဖို့အတွက် Gavi အဖွဲ့ရဲ့ ထောက်ပံ့ငွေအပြင် နိုင်ငံတော် ဘဏ္ဍာငွေနဲ့ ကမ္ဘာ့ဘဏ်ချေးငွေတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး နှစ်နိုင်ငံသဘောတူညီချက်နဲ့ ဝယ်ယူနိုင်ဖို့သာမက ပုဂ္ဂလိက ကာကွယ်ဆေးထုတ်လုပ်သူတွေဆီက တိုက်ရိုက် ဝယ်ယူနိုင်မယ့် အခြေအနေတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာက ဆန်းစစ်သုံးသပ်နေပါတယ်။

ဒါပေမဲ့ အစောပိုင်းကာလတွေမှာ လူဦးရေ အနည်းငယ်ကိုသာ ကာကွယ်ဆေးထိုးပေးနိုင်မှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းတွေကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက် လိုက်နာရဦးမယ်လို့ ဒေါက်တာစောဝင်းက တိုက်တွန်းပါတယ်။

" ၂၀ ရာခိုင်နှုန်းထိုးလို့ရတောင် ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ကျန်ဦးမှာပေါ့နော်။ အဲဒါဆိုရင်တော့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကတော့ ဆက်လက်လိုက်နာဖို့ လိုဦးမှာပေါ့နော်။"

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီနဲ့ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ တို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပါတယ်။

အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ကိုပါ ထပ်ဖွဲ့စည်းပြီး ကာကွယ်ဆေးရရှိနိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို လက်ရှိမှာ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ရုရှား နဲ့ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးတချို့မှာ စမ်းသပ်ထုတ်လုပ်နေတာပါ။

အဲဒီထဲက အမေရိကန် ဆေးကုမ္ပဏီတချို့က ထုတ်တဲ့ ကာကွယ်ဆေးဟာ ရောဂါပိုးကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ဘိုင်အိုတက် Sinovac Biotech ကာကွယ်ဆေးဟာလည်း ကိုယ်ထဲက ခုခံအား မြန်မြန်ဆန်ဆန် ထွက်လာစေတယ်လို့ ပြောဆိုထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စတင်ထိုးနှံနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။