Covid ကာကွယ်ဆေး ဝယ်ယူရရှိရေး မြန်မာ အိန္ဒိယနဲ့ ဆွေးနွေး

23-Dec-2020

မြန်မာနိုင်ငံမှာ COVID 19 ကူးစက် ဖြစ်ပွားမှုနှုန်းက ပျမ်းမျှ ၁,၀၀၀ ဝန်းကျင်မှာ အတက်အကျနဲ့ လနဲ့ချီ ရှိလာနေချိန်မှာဘဲ COVID နဲ့ အတူ ယှဉ်တွဲ နေထိုင်ရေး ပုံစံသစ်နဲ့ လူမှုရေး စီးပွားရေး ပြန်လည်လည်ပတ်နိုင်ရေး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တိုက်တွန်းလိုက်သလို COVID 19 ကာကွယ်ဆေး ဝယ်ယူခွင့် အတွက်လည်း ဆွေးနွေးနေပါတယ်။

အိန္ဒိယ နိုင်ငံကနေ COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အင်္ဂါနေ့က ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးနဲ့ မြန်မာဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Saurabh Kumar တို့ နေပြည်တော်မှာ ဆွေးနွေးကြပါတယ်။

COVID 19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့တခု အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံတဲ့ကိစ္စလည်း ဆွေးနွေးခဲ့ကြောင် အစိုးရ ထုတ်ပြန်ချက် ဖော်ပြပါတယ်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ငန်းကြီးဖြစ်တဲ့ အိန္ဒိယရဲ့ Serum Institute of India ထံကနေ မြန်မာဘက်က COVID-19 ကာကွယ်ဆေးဝယ်ယူလိုတဲ့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အိန္ဒိယဘက်က COVID 19 ကာကွယ်ဆေးရောင်းဖို့ အခြေအနေရှိသလားဆိုတာကိုတော့ အစိုးရထုတ်ပြန်ချက်က ဖော်ပြမထားပါဘူး။

Serum Institute of India ဆေးဝါးထုတ်လုပ်ငန်းကြီးကတော့ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ရဲ့ COVID 19 ကာကွယ်ဆေးကို ထုတ်လုပ်နေတာပါ။ COVID 19 ဖြစ်ပွားမှုကတော့ အင်္ဂါနေ့မှာ အတည်ပြု လူနာသစ် ၉၆၄ ဦးထပ်တိုးပြီး သေဆုံးသူ ၁၉ ဦး ရှိပါတယ်။ ဒါကြောင့် COVID 19 အတည်ပြု လူနာစုစုပေါင်းက ၁၁၇,၉၄၆ ဦးရှိပြီး သေဆုံးသူ စုစုပေါင်းက ၂,၄၈၄ ဦးရှိသွားပါပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID 19 ဆေးစစ်မှုက ၁သန်းခွဲကျော်ရှိပါတယ်။

VOA News