ထိုင်းနိုင်ငံ၏ လူဦးရေတစ်ဝက်ကို ယခုနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

08-Jan-2021

ဗန်ကောက်   ဇန်နဝါရီ    ၇

ထိုင်းနိုင်ငံ၏ လူဦးရေတစ်ဝက်ကို ယခုနှစ်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို လာမည့်လတွင် စတင်ရန် ပြင်ဆင်ထားသည့်အတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးရေးနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ နှစ်သိန်းကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလတွင် စတင်လက်ခံရရှိမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အသက် အရွယ်ကြီးသူများမှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကနဦးရရှိမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech ထံမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ နှစ်သန်းဝယ်ယူထားပြီး မတ်လတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ရှစ်သိန်းကိုလည်းကောင်း၊  ဧပြီလတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်းကိုလည်း ကောင်း ထပ်မံလက်ခံရရှိမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းအစိုးရအနေဖြင့် AstraZeneca ထံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၆ သန်းကိုလည်း  ကြိုတင်မှာယူထားပြီးဖြစ် ကြောင်း သိရသည်။

ကိုးကား-ဗန်ကောက်ပို့စ်၊

ဘာသာပြန်-အလင်းသစ်