ကျန်းမာရေးဝန်ထမ်းတွေ ဝန်နဲ့အား မမျှဖြစ်နေတဲ့ မြန်မာ့ကိုဗစ်အခြေအနေ

18-Dec-2020

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေး က ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အားမမျှဖြစ်နေပြီး ကိုဗစ် ကူးစက်မှု ထပ်များနေရင် မနိုင်မနင်းဖြစ်လာတော့မှာမို့ ကာကွယ်ရေးစည်းကမ်းအလေးထားလိုက်နာကြဖို့ အင်္ဂါနေ့က ရန်ကုန်တိုင်း ကျန်းမာရေး တာဝန်ခံတွေနဲ့ ဆွေးနွေးပွဲမှာ အလေးအနက်ပြောခဲ့တဲ့အပေါ် နောက်ဆုံးအခြေအနေတွေကို ဒီဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ် မေးမြန်းရာမှာ သူက အခုလို စရှင်းပြပါတယ်။

ဒေါက်တာ သန်းနိုင်စိုး။ နောက်ဆုံးကတော့ကျနော်တို့အားလုံး ကုန်ခန်းနေတာပေါ့။ လူတွေလည်း တဖြေးဖြေးနဲ့ ခြေကုန် လက်ပန်းတော့ ကြနေကြပါပြီ။ အဓိကကတော့ အဝင်ကိုပိတ်ဆို့နိုင်ရေးအတွက် လုပ်နေတယ်။ လူစုလူဝေးမဖြစ်အောင် ပညာပေးတာတို့ ၊ (Mask နှာခေါင်းစည်း) ကို စနစ်တကျ တပ်ဆင်ဖို့အတွက်၊ Social norm (လူထုအကြား လိုက်နာနိုင်တဲ့ပုံစံ) တခုဖြစ်လာအောင် စည်းရုံးပြီး လှုံဆော်နေတာတို့ပေါ့နော်။ ဈေးတွေဘာတွေမှာ တပ်တဲ့သူများလာရင် မတတ်တဲ့သူ နည်းသွားမယ်ပေါ့နော်။ အဲဒီလိုတော့ စည်းရုံးနေတာပေါ့။

မေး။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီရက်ပိုင်းအတွင်းမှာ စည်းကမ်းလိုက်နာမှု အနေအထားရော။

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါကတော့ တဒေသနဲ့ တဒေသမတူဘူး။ မန္တလေးလို နေရာမျိုးဆို အရမ်းအားရဖို့ ကောင်းတယ်။ ရန်ကုန်လို နေရာမျိုးကြတော့လည်း နဲနဲတော့ အချင်းချင်း ထိန်းသိမ်းရတဲ့ သဘောတော့ရှိတယ်။ တဖက်က လူတွေရဲ့ပါဝင်မှုက အားနည်းနေသေးတယ်။

မေး။ မန္တလေးမှာတော့ စည်းကမ်းကိုတင်းကြပ်တာပေါ့နော်။ အထူးသဖြင့်တော့ ဥပဒေကြောင်းအရ လိုက်ထိန်းတာပေါ့နော်။ ရန်ကုန်မှာတော့ အဲဒါမျိုးလုပ်ဖို့ -

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါတော့ ကျနော်တို့ရဲ့ ဘောင်ကိုကျော်သွားတယ်လို့တော့ ပြောရမှာပေါ့နော်။ ဒါတော့ ဒေသဆိုင်ရာ အစိုးရအဖွဲ့တို့၊ ဒေသဆိုင်ရာ ကိုဗစ်ကော်မီတီတွေ၊ သူတို့ကလည်း ဆောင်ရွက်မယ်ဆိုရင်တော့ အမျိုးသားအဆင့် ဗဟိုကော်မီတီရဲ့ လမ်းညွှန်မှုကို ခံယူမယ်ဆိုရင်တော့ ပြီးတဲ့အခါကြတော့ စည်းကမ်းထိန်းသိမ်းရေးရဲ့ နောက်ဆက်တွဲတခုဖြစ်တဲ့ စားဝတ်နေရေး လူမှုရေး စီးပွားရေး ဒီဟာတွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း စဉ်းစားရမှာပေါ့။ အဲဒီတော့ ကျနော်တို့ကတော့ လူတွေများများ လိုက်နာရင် မြန်မြန် ပျောက်သွားမှာတော့ သေချာတယ်ဗျ။

မေး။ တဘက်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်စဖွင့်လာတဲ့ သဘောပေါ့နော်။ ဥပမာ လေယာဉ်လိုင်းတွေ ပြန်ဖွင့်လာတာမျိုး၊ အဲဒီအနေအထားမှာရော ဒီ ကူးစက်မှုအနေအထားတွေအတွက် -

ဒေါက်တာ သန်းနိုင်စိုး။ အဓိကကတော့ စီးပွားရေးဘဲလို့ ကျနော်ထင်တာပေါ့နော်။ ဒါပေမယ့် လုပ်ငန်းတွေ ပြန်ဖွင့်တာရဲ့ နံပတ်တစ် ရည်ရွယ်ချက်ကလည်း ရောဂါမကူးစက်ဖို့ပါဘဲ။ လေကြောင်းလိုင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း ကျနော်တို့က SOP (Standard Operation Procedure- စံသတ်မှတ်ချက်အနေနဲ့ လိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက်တွေ) တွေနဲ့ အဓိက ကန့်သတ်ထားတယ်။

မေး။ ဒီနေရာမှာ တဘက်ကလည်း ကာကွယ်ရေးပေါ့နော်၊ နောက်တဘက်ကလည်း ကုသရေးအပိုင်းမှာတော့ Home isolation သဘောပေါ့။ တချို့လူနာတွေကို ဆေးရုံမှာ ကုပြီးရင် အဆင်ပြေရင် Home isolation လုပ်မယ်ဆိုတာမျိုးလည်း တွေ့ရပါတယ်။ အဲဒီ အနေအထားကရော ဘယ်လိုမျိုး ဖြစ်လာဖို့ရှိလဲ။

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါကတော့ ကျနော်တို့ ခုနကပြောသလို၊ အဝင်ကိုထိန်းတဲ့နေရာ တမျိုးရှိတယ်။ အဓိက ကတော့ ခုနကပြောတဲ့ ကူးသန်းမှုကွင်းဆက်တွေ ပြတ်တောက်ပြီးတော့ ဆေးရုံကို မရောက်လာရင် အကောင်းဆုံးပေါ့နော်။ ဒါ ကွင်းဆက်ဖြတ်နိုင်တဲ့ နည်းလမ်းပေါ့။ နောက်တခုကတော့ ခုနကပြောသလိုပေါ့နော်၊ တချို့ ရောဂါပိုးရှိပေမယ့်လည်း စောသွင်းပြီးတော့ အိမ်မှာ Home quarantine သဘောမျိုးထားတာရယ်၊ Isolation ထားတာရယ်ပေါ့နော်။ ဒါပေမယ့် အဲဒါက ကျနော်တို့နိုင်ငံရဲ့ လူနေမှုစံနစ်အရ နဲနဲရှုပ်ထွေးတယ်။ ထင်သလောက် လွယ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Western countries (အနောက်နိုင်ငံတွေမှာလည်း) ဒီဟာကြီးက ပြန်လွတ်လိုက်တဲ့အချိန်မှာ ဝုန်းကနဲ Flare up (ပြန့်ကျဲသွားတော့) ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ တကယ့်ကို Community transmission (လူမှုအသိုင်းဝိုင်းအတွင်း ကူးစက်မှု) ကြီး ဖြစ်သွားတာ။ နောက်တခုက ကျနော်တို့နိုင်ငံရဲ လူနေမှုစံနစ်အရက အိမ်ပြန်သွားတဲ့အခါကျရင် မိသားစုတွေက စုဝေးနေတဲ့အခါကျတော့ သီးခြားနေဖို့က မလွယ်ဘူးဆရာ။ အဲဒီလောက်လဲ နေရာကျယ်ကျယ်ဝန်းဝန်း မရှိဘူး။ တယောက်လွတ်လိုက်ရင် ငါးယောက် ဆေးရုံပြန်လာဖို့များတယ်။ အဲဒီအပြင် ဘာဖြစ်နိုင်လဲဆိုတော့ ကျနော်တို့က အချိန်မှီသွားပြီးတော့ အောက်စီဂျင်ပေါ့၊ အောက်စီဂျင်ကျလာတာနဲ့ ဆေးရုံကိုပေါ့နော်၊ High flow nasal အောက်စီဂျင်ပေါ့၊ ဒါမျိုးတွေပေးပြီးတော့ ကျနော်တို့က Ambulance ပေါ်မှာလည်း ကျနော်တို့က ဒါမျိုးတွေပေးဖို့က မလွယ်ဘူးဆရာ။ Ambulance ပေါ်မှာပါတဲ့ အောက်စီဂျင်အိုးကလည်း 10 liter per minute လောက်ဘဲ ရတာ။ ဆိုတော့ ကျနော်တို့က သေဆုံးမှုနှုန်းတွေ အရမ်းတက်လာတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ Pilot (အစမ်းသဘောမျိုး) လူနာ ၁၀၀ လောက်ကို ကျနော်တို့ စမ်းပြီးတော့ လုပ်ကြည့်မယ်။ အဲဒီ ၁၀၀ ကလည်း ခုနကပြောတဲ့ Criteria (သတ်မှတ်ချက် အဆင့်) တွေနဲ့ ပြည့်စုံတဲ့လူတွေ ဖြစ်ရမယ်။ အနည်းဆုံး အဆင့် ၄ ဆင့်လောက်ပေါ့နော်။ ဒါမျိုး အဆင့်ဆင့် စဉ်းစားထားတဲ့၊ စဉ်းစားပြီးမှ ခွင့်ပြုပေးတာဘဲ ဖြစ်ရမယ်။ ဒီ ပေါ်လစီတွေ၊ Strategy (နည်းဗြူဟာ) တွေကတော့ Balance (မျှတအောင်) လုပ်ပြီး သွားရမယ့် အနေအထားပေါ့နော်။

မေး။ ဘယ်အချိန်လောက်စဖြစ်မယ်ထင်လဲ၊ အခု Pilot Project (အစမ်း စမ်းသပ်လုပ်ဆောင်မှု) ကိုလေ။

ဒေါက်တာ သန်းနိုင်စိုး။ အဲဒါကတော့ ဆရာ ဦးဇော်ဝေစိုးတို့ဘဲ စတာပေါ့နော်။ သူတို့ဘဲ သူတို့ကိုဘဲ စုံစမ်းကြည့်ပါဆရာ။ ကျနော်ထင်တာတော့ သူတို့ ရက်ပိုင်းစမယ်လို့တော့ သူတို့ ပြောသွားတယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံလို အခြေအနေနဲ့က အဲဒီလိုလူမျိုး ရွေးရတာ မလွယ်ဘူးဆရာ။

မေး။ ဒီနေရာမှာ နောက်တခုက ဆေးရုံဝန် လျော့ကျအောင်ပေါ့နော်၊ ပုဂ္ဂလိကဆေးရုံတွေ အနေအထားရော။

ဒေါက်တာ သန်းနိုင်စိုး။ ဒါလည်း သူတို့ လျှောက်လာတဲ့ ဆေးရုံတွေရှိတယ်ပေါ့။ ဆေးရုံ ၄ ခုလောက် ရှိပါတယ်။ အဲဒါတွေလည်း အမြန်ဆုံး ခွင့်ပြုပေးဖို့လည်း ဝန်ကြီးက ညွှန်ကြားတာ ကျနော်တို့ ကြားလိုက်တယ်ပေါ့နော်။

ကိုဝင်းမင်း။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

VOA News