UK အသက် ၉၁ နှစ်အရွယ်အဖွား ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးခံ

08-Dec-2020

ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး ကို ဒီကနေ့ အင်္ဂါနေ့မှာ စတင် ထိုးပေးနေပြီဖြစ်ပြီး၊ ရှေ့တပတ်ထဲ အသက် ၉၁ နှစ်ပြည့်တော့မယ့် အဖွား Margaret Keenan ကို ပထမဆုံးဆေးထိုးပေးခဲ့ပါတယ်။ V-Day ကာကွယ်ဆေးထိုးနှံပေးတဲ့ နေ့ အစီအစဉ်နဲ့ တနိုင်ငံလုံးဆေးရုံံတွေမှာ ပထမအသုတ်ကာကွယ်ဆေး ထိုးနှံတာတွေကို ပြုလုပ်ပေးတာဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် Pfizer ဆေးကုမ္ပဏီနဲ့ ဂျာမဏီ BioNTech တို့ပူးပေါင်းစမ်းသပ်ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး အရေးပေါ် အသုံးပြုဖို့ ဗြိတိန်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ခွင့်ပြုလိုက်တာပါ။

Pfizer – BioNTech ရဲ့ ကာကွယ်ဆေးနဲ့ အတူ တခြား Moderna နဲ့ ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲစမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေကို အရေးပေါ် အသုံးပြုခွင့်ပေးဖို့ အမေရိကန်နဲ့ ဥရောပမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက စိစစ်သုံးသပ်နေကြပါတယ်။

လာမယ့် တနင်္ဂနွေမှာလည်း Pfizer-BioNTech က ပေးပို့တဲ့ ပထမအသုတ် ကာကွယ်ဆေးတွေကို ဗြိတိန်ဆေးရုံတွေက ဦးစားပေးရွေးချယ်ထားသူတွေကို ထိုးပေးသွားမှာ ဖြစ်ပါတယ်။ အခု ကာကွယ်ဆေးတွေက တနိုင်ငံလုံးအတွက် အလုံအလောက်တော့ မရနိုင်သေးပါဘူး။

ဗြိတိန်မှာ COVID-19 ကူးစက်သူ ၁.၇ သန်းနဲ့ သေဆုံးသူ ၆၁,၀၀၀ ကျော်ရှိပြီး ဥရောပမှာ သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။

ပထမအသုတ်ကာကွယ်ဆေး အစီအစဉ်မှာ အစိုးရက လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၂၅ သန်းကျော်ကိုဆေးထိုးပေးနိုင်ဖို့ ရည်မှန်းထားပြီး ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ပိုများသူတွေကို ဦးစားပေးထိုးပေးသွားမှာပါ။

အခုလို ပထမအသုတ် ကာကွယ်ဆေး ကို ဗြိတိန်မှာ ဒီကနေ့ စပြီး ထိုးနှံပေးနိုင်ခဲ့တဲ့ အပေါ်မှာ ဝန်ကြီးချုပ် Boris Johnson က ချီးကျူးဂုဏ်ပြု ပြောကြားခဲ့ပါတယ်။

VOA News