JICA စီမံကိန်း ၂ ခုအတွက် ဂျပန်-မြန်မာ ချေးငွေ စာချုပ် ချုပ်ဆို

05-Nov-2020

နေပြည်တော် နိုဝင်ဘာ ၄

ပြည်ထောင်စုလွှတ်တော်က အတည် ပြုပြီးဖြစ်သောဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာနက ဆောင်ရွက်မည့် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းအတွက် အိုဒီအေချေးငွေ ဂျပန် ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၃) အတွက် အိုဒီအေ ချေးငွေ ဂျပန်ယန်း ( ၁၅ ဘီလီယံတို့အတွက် လဲလှယ်မှု စာချွန်လွှာများ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ (Financing Agreements) ကို ယနေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ တာဝန်ရှိပုဂ္ဂိုလ် များက လက်မှတ်ရေးထိုးခဲ့ကြသည်။

လဲလှယ်မှု စာချွန်လွှာများကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ တို့က လည်းကောင်း၊ ချေးငွေစာချုပ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) ၏ မြန်မာ နိုင်ငံရုံးခွဲအကြီးအကဲ ဆာကခုရနိုရိဂျိ တို့ကလည်းကောင်း လက်မှတ်ရေးထိုးကြသည်။

အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေပြီး ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေသည့်အပြင် ပြည်တွင်း ပြည်ပ ကုန်သွယ်မှု ပိုမိုတိုးတက်လာစေခြင်း၊ ရန်ကုန်-ပဲခူး-မြဝတီလမ်း၏ အတိုဆုံးလမ်းကြောင်း ဖြစ်သဖြင့် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတွင် ဖြစ်ပေါ်နိုင်သော ယာဉ်ကြော ပိတ်ဆို့မှုများနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းတို့ကို ဖြေရှင်းပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ဆက်သွယ် ထားသောလမ်းမကြီးဖြစ်ရာ အာဆီယံ အသိုက်အဝန်းရှိ ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားသို့ လမ်းပန်း ဆက်သွယ်မှုတိုးမြှင့် ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ထို့ပြင် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (အဆင့်-၃) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက် ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော MSMEs လုပ်ငန်းများ ပြန်လည်အားကောင်း လာစေရန် အတိုးနှုန်းသက်သာသော ချေးငွေများဖြင့် ပံ့ပိုးကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်