အစိုးရသစ်ဖွဲ့ဖို့ ဖေဖော်ဝါရီလမှာ လွှတ်တော်သစ်တွေ စတင်တော့မည်

07-Jan-2021

အစိုးရသစ်ဖွဲ့စည်းရေး၊ လွှတ်တော်အကြီးအကဲတွေ ရွေးချယ်ရေး လုပ်ငန်းတွေ ပါဝင်မယ့် တတိယအကြိမ် မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်သစ် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက် နေ့မှာ စတင်ကျင်းပပါမယ်။

ဒီအစည်းအဝေးတွေမှာ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေက ကျမ်းကျိန်တာ၊ လွှတ်တော်အကြီးအမှူးတွေကို ရွေးချယ်တာ၊ လွှတ်တော်ကော်မတီတွေဖွဲ့တာ၊ လွှတ်တော်အဟောင်းနဲ့အသစ် ကြား လွှဲပြောင်းယူရေးလုပ်ငန်းတွေကို ဆောင်ရွက်တာတွေ လုပ်ဆောင်မှာပါ။

အဲဒီနောက်မှာတော့ သမ္မတရွေးချယ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ အမည်စာရင်းတွေ တင်သွင်းတာကို လွှတ်တော်က အတည်ပြုပေးတာတွေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ NLD ပါတီဝင်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ဝန်ထမ်းတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှာဖြစ်သလို ကပ်ရောဂါကာလ စည်းကမ်းချက်တွေနဲ့အညီ လွှတ်တော် ကျင်းပသွားမယ်လို့လည်း ဒေါက်တာလှမိုးက ပြောပါတယ်။

လွှတ်တော်သစ်မှာ တက်ရောက်ရမယ့် ကိုယ်စားလှယ်တွေဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ထက် နောက်မကျဘဲ သတ်မှတ်ထားတဲ့ သတင်းပို့လက်ခံဌာနတွေကို အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၃၉၆ ဦး အနိုင်ရရှိထားပြီး အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ၃၃ ဦး အနိုင်ရထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲရလဒ်ကို မကျေနပ်တဲ့ ပါတီတချို့နဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့က လာမယ့်ဖေဖဝါရီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်ဘဲ ကန့်ကွက်မယ်ဆိုပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတချို့ ထွက်ပေါ်နေပါတယ်။

အခြေခံဥပဒေမှာ အစည်းအဝေး ပထမနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်ရင် အဲဒီအစည်းအဝေး အထမြောက်တယ်လို့ ပြဌာန်းထားပါတယ်။

RFA Burmese