အမေရိကန် လွှတ်တော်စီးနင်းမှုဖြစ်စဉ်အပြီး အစိုးရအဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်

09-Jan-2021

ဝါရှင်တန်   ဇန်နဝါရီ   ၈

အမေရိကန်ပညာရေးဝန်ကြီး ဒီဗော့စ်သည် ယနေ့တွင် လက်ရှိရာထူးတာဝန်မှ နုတ်ထွက်ခဲ့သဖြင့် ထရမ့်၏ ထောက်ခံသူများ လုပ်ဆောင်ခဲ့သည့် လွှတ်တော်စီးနင်းမှုဖြစ်စဉ်အပြီး ထရမ့် အစိုးရ အဖွဲ့ဝင်များအနက် ရာထူးမှ နုတ်ထွက်ခဲ့သည့် ဒုတိယမြောက်ဝန်ကြီး ဖြစ်လာခဲ့သည်။

သမ္မတထရမ့်အနေဖြင့် ပြဿနာကို ကြီးထွားအောင် ဖန်တီးခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဒီဗော့စ်က ပြောခဲ့သည်။ ၎င်းသည် သမ္မတ ထရမ့်  အစိုးရအဖွဲ့၌ သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်သည့် ဝန်ကြီးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပို့ဆောင်ရေး ဝန်ကြီး ချာအို နုတ်ထွက်ပြီးနောက် ရာထူးမှ ထပ်မံ နုတ်ထွက်ခဲ့သည့် အစိုးရအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်လာခဲ့သည်။ 

လွှတ်တော်စီးနင်းမှုဖြစ်စဉ်အပြီး အထူးသံတမန် မစ်ခ်မားလ်ဗာနေး၊ နိုင်ငံတော်လုံခြုံရေး အကြီးတန်း အရာရှိနှင့် သမ္မတကတော်၏ ကိုယ်ရေးအရာရှိတို့သည်လည်း လက်ရှိတာဝန်များမှ  အသီးသီး နုတ်ထွက်ခဲ့ကြပြီးဖြစ်သည်။ နိုင်ငံခြားရေးဌာနမှ အကြံပေးတစ်ဦးကမူ  သမ္မတ ထရမ့်အနေဖြင့်  လုပ်ငန်းတာဝန်များကို  ထမ်းဆောင်နိုင်ရန်  အခြေအနေမရှိကြောင်း တွစ်တာ စာမျက်နှာပေါ်တွင် တင်ခဲ့သဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

သို့ရာတွင် ထရမ့်ကို ထောက်ခံသည့် ရီပတ်ဘလီကန်ပါတီဝင် ဝဲလ်သာစ်က ယင်းသို့ နုတ်ထွက်ခြင်းက တာဝန်မဲ့မှုသက်သက်သာဖြစ်ကြောင်း  ဝေဖန်ခဲ့သည်။ ၎င်းက “သူတို့က ထရမ့်နဲ့  တစ်ချိန်လုံး  တာဝန်တွေ အတူတူထမ်းဆောင်ခဲ့ပြီးတော့  ၁၃ ရက်သာ ကျန်တော့တဲ့ အချိန်မှ ဘာလို့  နုတ်ထွက်တာလဲ။ ဒါက အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ပါ”ဟု ပြောကြားခဲ့သည်။

ဒီမိုကရက်တို့၏ သမ္မတထရမ့်ကို  ရာထူးမှ ဖယ်ရှားရေး  တိုက်တွန်းချက်၊ အစိုးရအဖွဲ့ဝင် များနှင့် အိမ်ဖြူတော်မှ တာဝန်ရှိသူများ ရာထူးမှနုတ်ထွက်ခြင်းတို့ကြောင့် လွှတ်တော်စီးနင်းမှုအပြီး  သမ္မတထရမ့်မှာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

ကိုးကား - ဘီဘီစီ၊

ဘာသာပြန် - မေလဲ့သင်း