အိန္ဒိယမြောက်ဘက်မှ လာရောက်ဆောင်းခိုသည့် ဟိမဝန္တာလင်းတကို ဖမ်းဆီးထိန်းသိမ်းစောင့်ရှောက်

14-Jan-2021

ပိန်းဇလုပ် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ (၁) ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးအနီးရှိ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း၌ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လင်းတငှက်ကြီးတစ်ကောင်ဖမ်းဆီးရမိခဲ့၍ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ငှက်ချစ်သူ ဒေသခံပြည်သူ မနော်ဘွေဖောထံမှ သိရသည်။

“ဒီငှက်က အကြောင်းတစ်ခုခုကြောင့်ဒဏ်ရာရပြီး မပျံနိုင်တော့ဘဲ ခြံထဲပြုတ်ကျ လာလို့ ဖမ်းဆီးထိန်းသိမ်းစောင့်ရှောက်ထားတာပါ။ အစာအဖြစ်သားငါးကျွေးတာ စားသောက်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။ အဆိုပါ လင်းတငှက်မှာ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဌာနေငှက်မျိုးမဟုတ်ကြောင်း၊ ဆောင်းရာသီတွင် ဒေသပြောင်းရွှေ့ ကျက်စားသော ငှက်မျိုးစိတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ အိန္ဒိယမြောက်ဘက်မှ လာကြကြောင်း၊ ဟိမဝန္တာလင်းတ Himalayan Griffon အသားစားငှက်အမျိုးအစား ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်၏ ပြောပြချက်အရ သိရသည်။

လင်းတငှက်များသည် စွန့်ပစ်အသေကောင်သတ္တဝါများကို စားသုံးသည့်အတွက် ပတ်ဝန်းကျင်ကို သန့်ရှင်းပေးသကဲ့သို့ ယင်းအသေကောင်များမှ ဗိုင်းရပ်စ်များပျံ့နှံ့မှု ကိုလည်း တားဆီးပေးရာရောက်ကြောင်း၊ ယင်းကြောင့် လင်းတငှက်များကို စည်ပင်သာယာ ငှက်ဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားချိန်တွင် ငှက်များဘေးမဲ့ပေးရန်၊ ပစ်ခတ်ဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်းမပြုကြရန်၊ ငှက်များတွင် တစ်စုံတစ်ခုသောအကြောင်း ကြောင့် ဒဏ်ရာအနာတရဖြစ်ပြီး မပျံသန်း၍ ပြုတ်ကျလာခြင်း၊ တွေ့ရှိဖမ်းဆီးရမိခြင်းတို့ရှိပါက နီးစပ်ရာသစ်တောဦးစီးဌာနများသို့လည်းကောင်း၊ နေပြည်တော်သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သစ်တောဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

ပိန်းဇလုပ်-သိန်းညွန့်