၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

30-Dec-2020

၁။      ယခုအခါ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲစာရင်းနှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြို့နယ်အချို့၏မဲစာရင်းများ ထုတ်ပြန်လျက်ရှိပါသည်။ အဆိုပါ မဲစာရင်းများသည် ၁.၁၀.၂၀၂၀ ရက်နေ့မှ ၁၄.၁၀.၂၀၂၀ ရက်နေ့အထိ ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများကို မဲစာရင်းတွင် မိမိအမည်မပါက ပုံစံ (၃) ဖြင့် တောင်းဆိုရန်၊ မပါဝင်သင့်သူ (ကွယ်လွန်သူအပါအဝင်)များ ပါဝင်နေက ပုံစံ (၄) ဖြင့်ကန့်ကွက်ရန်၊ အချက်အလက်မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်ရန်အတွက် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ PDF ဖိုင်ဖြင့် ဖြန့်ဝေထားသည့်မဲစာရင်း ဖြစ်ပါသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထိုမဲစာရင်းကို PDF  ဖိုင်မှ  Excel  ဖိုင်အဖြစ်သို့ပြောင်း၍ မဲစာရင်းထပ်သည်၊ မှတ်ပုံတင်အမှတ်မပါ၊ မဲမသမာမှုဖြစ်နိုင်သည် စသည်ဖြင့် ဒုတိယအကြိမ် ထုတ်ပြန်ပေးသည့် မဲစာရင်းများကိုအခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

၂။     ယင်းသို့ ဒုတိယအကြိမ်မဲစာရင်းကပ်ထားစဉ် မဲဆန္ဒရှင်များလာရောက်ကြည့်ရှု၍ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့် ထပ်မံလျှောက်ထားသဖြင့် အဆိုပါမဲစာရင်းကို ထပ်မံပြင်ဆင် ဖြည့်စွက်ရသည်များ ရှိပါသည်။

၃။     ထို့အပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မိခင်နိုင်ငံသို့ နိုင်ငံခြားမှပြန်လည်ရောက်ရှိလာသည့်မဲဆန္ဒရှင်များ၊ မိမိရောက်ရှိနေသည့်မြို့နယ်မှ မဲစာရင်းပါရှိသည့်မြို့/ရွာသို့ ပြန်ခွင့်မရသူများ၊ မဲစာရင်းတွင် အစုအဝေးလိုက် ကျန်ရစ်ခဲ့သည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထပ်မံဖြည့်သွင်းရသည်များလည်း ရှိပါသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အခြေခံထုတ်ပြန်သည့် မဲစာရင်းမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးသည့် နောက်ဆုံး မဲစာရင်းမဟုတ်ပါ။

၄။  အဆိုပါမဲစာရင်းများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်တို့ စုပေါင်းပြုစုထားသည့် မဲစာရင်းဖြစ်ပါသည်။ ရွေးကောက်ပွဲနေ့တွင်လည်း မဲရုံတွင် ပညာရေးဝန်ကြီးဌာနက မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် ဆရာ/ဆရာမများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ၎င်းတို့၏ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များ စသည်တို့၏ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့သည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်  ဖြစ်ပါသည်။

၅။     ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်းဖြစ်သော်လည်း မဲဆန္ဒရှင်များ ၇၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးသည့်အတွက် ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာခေါင်းဆောင်များနှင့် မဲဆန္ဒရှင်များကိုယ်တိုင်က အသိအမှတ်ပြုထားသည့် ရွေးကောက်ပွဲဖြစ်ပါသည်။

၆။      ယခုအချိန်ကာလသည် ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့် ရဲအရေးပိုင်သည့်ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများကိုလည်း စစ်ဆေးနေသည့်ကာလဖြစ်ပါသည်။

၇။      အထက်ပါ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘောသက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်များ၊ အလားတူဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်