ထောင်တွင်းဆူပူမှုတွင် လူ ၈ ဦးထက်မနည်းသေဆုံး

01-Dec-2020

သီရိလင်္ကာက ထောင်တစ်ထောင်မှာ ဆူပူမှုဖြစ်ပွားပြီး အကျဥ်းသားတွေနဲ့ အစောင့်တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၈ ယောက် အနည်းဆုံး သေဆုံးပြီး ၅၂ယောက်ဒဏ်ရာ ရခဲ့တယ်လို့ တာဝန်ရှိတဲ့သူတွေက အတည်ပြုပါတယ်။

အကျဥ်းထောင်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ တိုးလာနေတာကြောင့် သူတို့ကို စောစောလွှတ်‌ပေးဖို့နဲ့ ပိုကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အကျဥ်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက် အခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိမ်းမနိုင်သိမ်းမရ အခြေနေဖြစ်လာတဲ့အတွက် အစောင့်တပ်တွေက အင်အားသုံး ထိန်းချုပ်လိုက်ရတယ်လို့ ရဲ့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အာဂျစ်ရိုဟာနာက ပြောပါတယ်။

သီရိလင်္ကာက ကျပ်ညပ် ပြည့်သိပ်နေတဲ့ အကျဥ်းထောင်တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ထောင်လောက် ရှိနေတာကို သတင်းပို့ထားတာလည်း ရှိပါတယ်။

ထောင်လုံခြုံရေးတွေက ရုန်း​ရင်း​ဆန်ခတ်ဖြစ်တဲ့နေရာကို သေနတ်နဲ့ ရမ်းပစ်ခတ်ခဲ့တယ်လို့ မီဒီယာတွေကတော့ ဖော်ပြကြပါတယ်။ အဲ့ဒီမှာရှိတဲ့ အဆောက်အအုံတွေ မီးအကြီးအကျယ်လောင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေပြောတဲ့ စကားတွေကိုလည်း နယ်မြေခံသတင်းတွေမှာ ထည့်သွင်းဖော်ပြကြပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ထောင်နဲ့နီးတဲ့ဆေးရုံတစ်ရုံမှာ ကုသပေးနေတယ်လို့ လက်ထောက် စစ်ဆေးရေးအရာရှိ အာဂျစ်ရိုဟာနာက ဘီဘီစီ ဆင်ဟာလာဌာနကို အတည်ပြုပြောပါတယ်။

ပြီးတော့ ရဲတပ်ဖွဲ့ ၅ ဖွဲ့ကို တပ်ဖြန့်ထားပြီး၊ အထူးရဲကွန်မန်ဒို တပ်ဖွဲ့ တစ်ဖွဲ့ ကလည်း ထောင်တစ်ဝိုက်ကို သေသေချာချာ စောင့်ကြပ်နေတယ်လို့ ရိုဟာနာက ထပ်ပြောပါတယ်။

အကျဥ်းထောင်တွေထဲမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု ဆက်တိုက် တိုးလာနေတဲ့ အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကစပြီး အကျဥ်းထောင်ဆူပူမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

မြို့တော်ကိုလံဘိုက ဝီလီကာဒါ ထောင်မှာလည်း အကျဥ်းသားတွေက ထောင်ခေါင်မိုး တစ်ခု ပေါ်တက်ပြီး သူတို့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြနေတာကိုလည်း တွေ့ရပါတယ်။

သူတို့ ထောင်တွင်းက ဆိုးရွားနေတဲ့အခြေအနေကြောင့် အဂူနာကိုလာပလပ်စာ ထောင်ကထောင်သားတွေကလည်း ၈ ရက်ကြာ ဆန္ဒပြခဲ့တာ ရှိပါတယ်။

လူတစ်သောင်းထားဖို့ အတွက် စီမံထားတဲ့နေရာမှာ လူနှစ်သောင်းခြောက်ထောင်လောက် နေနေရတယ်လို့ လူ့အခွင့်‌ရေးလှုပ်ရှားတဲ့အဖွဲ့တွေက ထောက်ပြနေပါတယ်။

ပြီးခဲ့တဲ့လတုန်းက သီရိလင်္ကာမှာ အထည်ချုပ်စက်ရုံတစ်ရုံနဲ့ ငါးစျေးတစ်စျေးမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်ဖြစ်ပွားမှုကြောင့် သီရိလင်္ကာမှာ ၁၁၆ဦးသေဆုံးပြီး ၊ လူနှစ်သောင်းသုံးထောင်ကျော်အထိ ကူးစက်နေတယ်လို့ သိရပါတယ်။

BBC News