အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ ခြောက်လှန့်တောင်းယူမှု ကျူးလွန်သူကို စီရင်ချက်အမိန့်ချမှတ်

25-Dec-2020

နေပြည်တော်  ဒီဇင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)ရပ်ကွက် သုမိတ္တာ(၂၅)လမ်း အိမ်အမှတ် (၉၇၁)နေ  ဦးမင်းသူ(ယခင်လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေး အဖွဲ့)က ညောင်တုန်း မြို့နယ်အတွင်းမှ ဝန်ထမ်းနှစ်ဦးအား ၎င်းတို့နှင့် ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိနေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူး ဖြစ်ကြောင်း၊ တိုင်စာကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ပြောဆိုကာ ဝန်ထမ်း နှစ်ဦးထံမှ ငွေကျပ် သိန်း ၃၀ အား  ခြောက်လှန့်တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

အဆိုပါ တိုင်ကြားချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့ရာ ဦးမင်းသူသည် ကော်မရှင်မှ ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏  အတွင်းရေးမှူးဟု အယောင်ဆောင် ပြောဆိုပြီး ညောင်တုန်းမြို့နယ် ဦးစီးဌာနမှူး နှစ်ဦးထံမှ စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကို ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ခြောက်လှန့်တောင်းခံရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးမင်းသူအပေါ် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မ ရဲစခန်းတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၇  ရက်၌ ပထမသတင်းပေး တိုင်ကြားချက်အမှတ် ၇၆/၂၀၂၀ ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါအမှုအား  မတ် ၁၆ ရက်တွင်   ညောင်တုန်းမြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးမှု အမှတ် ၃၃၉/ ၂၀၂၀ ဖြင့် လက်ခံစစ်ဆေးပြီးနောက်  ယနေ့တွင် တရားခံ မင်းသူအပေါ် ရာဇသတ်ကြီးပုဒ်မ ၁၇၀ အရ ထောင်ဒဏ်(၁)နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၈၄ အရ ထောင်ဒဏ်(၂)နှစ် ကျခံစေရန်၊ ပြစ်ဒဏ်များကို  သီးခြားကျခံစေရန် စီရင်ချက်အမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

သတင်းစဉ်