ဇေယျာသီရိမှာ USDP ဥက္ကဋ္ဌ နိုင်တယ်လို့ ကော်မရှင်အတည်ပြု

Listing Description

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက မဲအများဆုံး ရရှိသွားပါတယ်။

NLD ပါတီက ဒေါက်တာမိုးဆွေကို မဲငါးထောင်ကျော် အသာနဲ့ အနိုင်ရခဲ့တာလို့ နေပြည်တော် ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်က ဒီနေ့ အတည်ပြုပါတယ်။

USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ၃၆၃၂၅ မဲ၊ ဒေါက်တာမိုးဆွေက ၃၀၉၆၅ မဲသာရခဲ့လို့ NLD ပါတီရှုံးနိမ့်ခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်မှာ မဲဆန္ဒရှင်စုစုပေါင်း ရှစ်သောင်းနှစ်ထောင် ကျော်ရှိပြီး တပ်မတော်သားတွေနဲ့ မိသားစုဝင်ဦးရေ နှစ်သောင်း ကျော်ရှိပါတယ်။

မနေ့ညပိုင်းက ဇေယျာသီရိမြို့နယ်မှာ မဲရလဒ်တွေကို ရေတွက်နေစဉ် ညပိုင်းမှာ တပ်ကြိုတင်မဲ သုံးထောင်ကျော် ထပ်မံရောက်ရှိလာတဲ့အတွက် ဦးသန်းဌေးအနိုင်ရခဲ့တယ်ဆိုတဲ့ ဝေဖန်မူတွေဟာ မဟုတ်မှန်ပဲ မူလကတည်းက ရောက်ရှိထားတဲ့  ကြိုတင်မဲတွေသာဖြစ်တယ်လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ ဇေယျာသီရိမြို့နယ်ကလွဲရင် ပြည်သူ့လွှတ်တော် ၇ နေရာနဲ့ အမျိုးသား လွှတ်တော် ၂ နေရာ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက မဲအများဆုံး ရတယ်လို့ အောက်ခြေက သတင်းပေးပို့ကြောင်း နေပြည်တော်ခရိုင် NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။ ကော်မရှင်ကတော့ အဲဒီနယ်မြေတွေနဲ့ ပတ်သက်ပြီး ရလဒ် မကြေညာသေးပါဘူး။ ရလဒ် သိနိုင်ဖို့ ကော်မရှင်ကို RFA က မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီနှစ်လိုပဲ နေပြည်တော်က မဲဆန္ဒနယ် ၁၀ နေရာထဲက ၉ နေရာမှာ NLD က အနိုင်ရခဲ့ပါတယ်။

Crd RFA