ရှင်တောင့်ပုံစေတီ

Listing Description

ရှင်တောင့်ပုံစေတီတော်သည် ထား၀ယ်မြို့မှ ၁၆ မိုင် အကွာတွင်တည်ရှိပြီး ထား၀ယ်-မြိတ် ကားလမ်းနံဘေး သရက်ချောင်းမြို့တွင် တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ရှင်တောင့်ပုံစေတီတည်ထားသော တောင်မှာ အမြင့်ပေ ၂၀၀၀ ခန့်ရှိပါသည်။ ထားဝယ်ရာဇဝင်အရ မုဆိုးမောင်နွားဆိုသူမှ ယခုရှင်တောင့်ပုံစေတီရှိရာတောင်ပေါ်သို့ ရွှေအဆင်းရှိသော ဥဒေါင်းဖမ်းရန်အလာတွင် ရသေ့ကြီး ဂိရိပစ္စယ နှင့်တွေ့ပြီး ရသေ့ကတရားဟောသဖြင့် တရားရကာ မုဆိုးအသုံးအဆောင်များဖြစ်သော တောင့်၊ပလုံးတို့ကို မီးပုံရှို့၍ အထိမ်အမှတ်စေတီတည်ရာ ရှင်တောင့်ပုံစေတီဟု အမည်တွင်ပါသည်။ ရှင်အဓိပ္ပာယ်မှာ ဘုရားဟူ၍လည်းကောင်း၊ တောင့် (ပေါရဏ)မြားပုံ၊ မြားကျည်တောက်ဟူ၍လည်းကောင်း အဓိပ္ပာယ်ရသည်ဆိုရာ ရှင်တောင့်ပုံစေတီဆိုရာ၌ မြားကျည်တောက်များစုပုံရာ ဘုရားစေတီဟု အဓိပ္ပာယ်ရသည်။ သွားလာမှုအဆင်ပြေစေရန် တောင်ပေါ်အထိကားလမ်းဖောက်လုပ်ထားသဖြင့် ကားများဖြင့် တက်ရောက်ဖူးမြော်နိုင်ပါသည်။