ဝင့်ယမုံနိုင်

Listing Description

၁၉၉၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့တွင် အဖ ဦးဘိုးသစ်နှင့် အမိ ဒေါ်ကြင်ရီတို့မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံးဖြစ်ပြီး အစ်မ သုံးယောက်ရှိသည်။ ထားဝယ်တွင် အလယ်တန်းကျောင်းတက်ခဲ့သည်။ အသက် ၁၅ နှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ တာမွေတွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် တင်မိုးလွင်၏ မော်ဒယ်သင်တန်းတက်ရောက်ခဲ့ပြီး ဖက်ရှင်ရှိုးပွဲများစွာတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုများစွာ ရရှိခဲ့သည်။ Miss Christmas 2010 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး SECOND RUNNER-UP ဆု နှင့် Product Title Award ဆုတို့ ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Mr & Miss Maxamin Forte မော်ဒယ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Now How 2011 ပြိုင်ပွဲတွင်လည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ SECOND RUNNER-UP ဆုနှင့် MISS POPULAR ဆုတို့ ရရှိခဲ့သည်။ သူမနောက်ဆုံးယှဉ်ပြိုင်ခဲ့သော Miss Lily 2012 ပြိုင်ပွဲတွင်  Winner ဆုရှင်အနေဖြင့် Miss Lily Title ဆုရရှိခဲ့သည်။ ထိုအချိန်မှစ၍ စီးပွားရေးကြော်ငြာများ၊ မဂ္ဂဇင်းမျက်နှာဖုံးများ၊ သီချင်းဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးလာခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် Forever Group မှထုတ်လုပ်သည့် မြန်မာနိုင်ငံတွင် ပထမဆုံး တီဗီစီးရီး “The Sign of Love” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရန် ဝင်ရောက်လျှောက်ထားရာ အယောက် ၁၀၀ ခန့်ထဲမှ သူမအားအရွေးချယ်ခံခဲ့ရသည်။ ထိုရုပ်သံဇာတ်လမ်းတွဲကို MRTV-4 တွင် ထုတ်လွှင့်ပြသခဲ့ပြီး ဝင့်ယမုံနိုင်အဖြစ် လူသိများ ထင်ရှားလာခဲ့သည်။ “The Sign of Love” ဇာတ်လမ်းတွဲသည် အပိုင်း ၆၂ ပိုင်းပါဝင်ပြီး ပရိသတ်များ၏ တောင်းဆိုမှုအရ Season 2 နှင့် 3 အထိ ရိုက်ကူးထုတ်လွှင့်ပြသခဲ့ရသော အောင်မြင်သည့် ဇာတ်လမ်းတွဲဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် MRTV-4 မှထုတ်လွှင့်သော “Happy Beach” ရုပ်သံဇာတ်လမ်းတွဲတွင် ကြည်ဇော်ထက်၊ ကျော်ဆု၊ ကျော်ထက်၊ သွင်မင်းခန့်၊ ခေးဆက်သွင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တင် ရုံတင်ပြသခဲ့သော “ဧဒင်ရဲ့ နတ်သမီး” ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်ဖြိုးသု၊ မေဂရေ့စ်ပယ်ရီ တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးသော “The Filmmakers” ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး Bye Bye Cowboy၊ ကျွန်တော်တို့သည် ယောက်ျားလေးများဖြစ်ကြ၍ ကျွန်မတို့သည် မိန်းကလေးများဖြစ်ကြသည်၊ မေတ္တာထားတာ အဟုတ်ကိုပဲ၊ မှားတဲ့ဘက်ကနေကြည့်ပါ စသည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် “ချစ်သူထွင်းတဲ့အက္ခရာ” ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ကျော်ဆုနှင့်အတူ ရိုက်ကူးခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် MRTV-4 မှ ထုတ်လွှင့်ပြသခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “စိတ်၏ခြေရာ”၊ ၂၀၁၉ ခုနှစ်တွင် “Room No ?” ၊ “ကျွန်မကမဟေသီ” စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်လမ်းတွဲများကို MRTV-4 မှ ထုတ်လွှင့်ပြသခဲ့ရာ လူကြည့်အများဆုံ ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်ခဲ့သည်။

ဗီဒီယိုဇာတ်ကားများဖြစ်သော Good Luck၊ မှော်ဝင်မြို့ပြ၊ ပစ်မှတ်၊ သံမဏိဖဲမွေ့ယာ၊ ဂွကျတဲ့ဂွင်၊ ပန်းနှစ်ပွင့်နဲ့ကျွန်တော့်ရာဇဝင်၊ အလွဲပေါင်းချုပ်၊ အသဲကွဲမုဆိုးဖို၊ အရာရာတိုင်းထက်၊ ခါးတောင်းကျိုက်မိန်းမနဲ့ တောင်ရှည်ဝတ်မင်းယောက်ျား စသည့် ဇာတ်ကားကောင်းများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၁၃ ခုနှစ်တွင် Sofy Eva ၏ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။