သီရိခေတ္တရာပြတိုက်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏အရှေ့ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသော သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ မှော်စာကျေးရွာတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတွင် ရှေးအကျဆုံးပြတိုက်ဖြစ်ပြီး ၁၉၆ဝ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ သရေခေတ္တရာမြို့ဟောင်းတစ်ဝိုက်မှ ရှေးဟောင်းပစ္စည်းများကို ကမ္ပည်းကျောက်စာဌာနမှ ကွင်းဆင်းလေ့လာ၍ စုဆောင်းရှာဖွေခဲ့ရာ ၁၈၉၇ ခုနှစ်တွင် ပျူအက္ခရာဖြင့် ရေးထိုးထားသည့် ရှေးဟောင်းကျောက်စာနှစ်ချပ်ကို တွေ့ရပါသည်။ ထို့ပြင် ၁၉၀၆-၁၉၀၇ ခုနှစ်၌ ကျောက်စာဝန်မစ္စတာတော်စိန်ခိုသည် ရှေးဟောင်းသုတေသီ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး လီယွန်ဒီဝဲလီကေနှင့်အတူ သရေခေတ္တရာမြို့ဟောင်းသို့ ကွင်းဆင်းလေ့လာခဲ့ရာမှ မှော်ဇာကျေးရွာ၊ ကျောက်ကာသိမ်ကုန်း ဘုန်းကြီးကျောင်းအတွင်း ဗုဒ္ဓရုပ်ပွားတော် ကျောက်ဆစ်ရုပ်ကြွကြီးများကို တွေ့ရှိတူးဖော်နိုင်ခဲ့ကြပြီး ယင်းတို့ကို အဆောက်အအုံဆောက်လုပ်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဤသို့ ဆောက်လုပ်ခဲ့သော အဆောက်အအုံသည် သီရိခေတ္တရာပြတိုက်၏ ရှေ့ပြေးအဆောက်အအုံဖြစ်၍ အကျယ်အဝန်းမှာ အလျားပေ ၅၀ နှင့် အနံပေ ၂၀ ဖြစ်သည်။ ၁၉၁၅ ခုနှစ် မတ်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ တစ်စတစ်စ စုဆောင်းရရှိခဲ့သော ရှေးဟောင်းပစ္စည်းများကို မှော်ဇာကျေးရွာရှိ ကျောက်ကာသိမ်ကုန်း ဘုန်းကြီးကျောင်းဝန်းအတွင်း ယာယီစုဆောင်းထားခဲ့ပါသည်။ သို့သော် စုဆောင်းရရှိခဲ့သော ရှေးဟောင်းပစ္စည်းများ များပြားလာခြင်းကြောင့် ယခုပြသနေသော အဆောင် (၁) ကို ၁၉၆၀-၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်၍ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့ပါသည်။ အဆောင် (၂) ကို ၁၉၈၀-၁၉၈၁ ခုနှစ်တွင် တိုးချဲ့ဆောက်လုပ်ပြီး ၁၉၈၂-၁၉၈၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆောင်(၃) ကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ပြီး ၂၀၀၁-၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့ပါသည်။ ပြတိုက်တွင် သဲကျောက်ဖြင့် ပြုလုပ်ထားသော ကျောက်အရိုးအိုးများ၊ ဌာပနာတိုက်ဖုံး ကျောက်ပြား၊ အဝလောကီတေသွာရ (လောကနာထကျောက်ရုပ်ကြွ၊ တာရာဒေဝီ နတ်သမီးကျောက်ရုပ်ကြွ)၊ ပျူကချေသည် ကြေးရုပ်ငါးရုပ်၊ ပျူပုတီးစေ့များ၊ သဲကျောက်ဖြင့် ပြုလုပ ထားသော ဗိဿနိုး နတ်မင်းနှင့် လက္ချမီးရုပ်တု၊ သံပန္နက်တိုင်၊ ပလ္လင်လေးမျက်နှာတွင် ပျူစာပါသော သဲကျောက်  ဗုဒ္ဓဆင်းတုတော်၊  အုတ်ခွက်များ၊ ဒင်္ဂါး ပြားများ၊  အုတ်ကြွပ်အမိုးပြားများ၊  ပျူလူမျိုးတို့၏ အဖိုးတန်ရှေးဟောင်းပစ္စည်းများ တစ်စုတဝေး ထိန်း သိမ်းထားသည်။ ပျူလူမျိုးတို့၏ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ထုံးစံဓလေ့များကို လေ့လာနိုင်သည်။ ပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀)အထိ ဖွင့်လှစ်ပြသလျက်ရှိပါသည်။