ပျူရှေးဟောင်းမြို့

Listing Description

သရေခေတ္တရာပျူမြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့၏အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ သရေခေတ္တရာဟူသည့်အမည်သည် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသောအရပ်ဟု အဓိပ္ပာယ်ရပါသည်။ မြို့ရိုးသည် မဝိုင်းတဝိုင်းပုံရှိ၍  မြို့ရိုးပတ်လည်အလျားသည် ၈ မိုင် ၅ ဖာလုံ ရှိကာ ဧရိယာ ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းသဖြင့် ပျူမြို့ ဟောင်းသုံးမြို့တွင် အကြီးဆုံးဖြစ်ပါသည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် မြို့ရိုးနှစ်ထပ်ရှိပြီး အရှေ့တောင်ဘက်တွင် မြို့ရိုးသုံးထပ် တည်ဆောက်ထားပါသည်။ သရေခေတ္တရာပျူမြို့ဟောင်းတွင် မြို့ဝင်ပေါက် ၉ ပေါက်၊ ဂူဘုရား ၅ ဆူ၊ စေတီ ၄ ဆူ၊ ကုန်း ၄ ကုန်း၊ ကျောက်ချပ်ရုံ ၂ ရုံ၊ ပျူတိုက် ၅ တိုက်၊ နန်းတော်ရာ၊ ပြတိုက်၊ ရဟန္တာကန် နှင့် ဗိဿနိုးမိဖုရားသင်္ချိုင်းတို့ ရှိပါသည်။ မြို့ဟောင်း၏ တောင်ဘက်တွင် ဘောဘောကြီးစေတီ၊ အနောက်မြောက်ဘက်တွင် ဘုရားကြီးစေတီနှင့် မြောက်ဘက်တွင် ဘုရားမာစေတီတို့ တည်ရှိပါသည်။ သရေခေတ္တရာတွင် တူးဖေါ်ရရှိခဲ့သော ဗုဒ္ဓရုပ်ပွားတော်ပါ ကျောက်ရုပ်များ၊ ရွှေဆင်းတု ငွေဆင်းတုများ၊ ရှေးကျသော ကျောက်ခွက်များနှင့် ပိဋကတ်တော်လာ ရွှေပေချပ်များအရ သရေခေတ္တရာတွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားခဲ့ကြောင်း သိနိုင်ပါသည်။ ဗုဒ္ဓဘာသာအပြင် အခြား ဟိန္ဒူဘာသာ ဆိုင်ရာ နတ်ကိုးကွယ်မှုအထောက်အထားများကိုလည်း တွေ့ရှိ နိုင်ပါသည်။