ထီးလိုမင်းလိုဘုရား

Listing Description

ထီးလိုမင်းလိုဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှိ ဂူဘုရားတစ်ဆူဖြစ်ပြီး ပုဂံ-ညောင်ဦးကားလမ်းဘေးတွင် တည်ရှိပါသည်။ ထီးလိုမင်းလိုဘုရားကို အေဒီ ၁၂၁၈ ခုနှစ်တွင် ဇေယျသိင်္ခ (ခေါ်) နားတောင်းများမင်းက တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ အစဉ်အလာစကားအဆိုအရ နရပတိစည်သူမင်းကြီးတွင် သားတော်ငါးယောက်ရှိရာ သားတစ်ဦးကို အိမ်ရှေ့အရာပေးလိုသဖြင့် သားငါးယောက်၏အလယ်တွင် ထီးဖြူကိုစိုက်ပြီး ထီးဖြူဦးညွတ်ရာဘက်သို့ကျသည့်မင်းသားသည် အိမ်ရှေ့အရာပေးမည်ဖြစ်ရာ ဇေယျသိင်္ခမင်းသားဘက်သို့ ထီးဖြူညွတ်ကျသဖြင့် အိမ်ရှေ့အရာရသည်။ ထိုမင်းသားသည် မိမိနန်းစံဘုရင်ဖြစ်သောအခါ ထီးဖြူစိုက်ထူသည့်နေရာတွင် ထိုဘုရားကို တည်ထားသည်ဟုဆိုကြပါသည်။  ထီးလိုမင်းလိုဘုရားမှာ လိုဏ်သုံးဆင့်ဂူဘုရားကြီးဖြစ်သည်။ အလယ်လိုဏ်မှာ လျှို့ဝှက်မှောင်ပတ်လမ်းဖြစ်ပြီး ကြောင်လိမ်လှေကားထိပ်ရှိ လျှို့ဝှက်ပေါက်မှတစ်ဆင့် သွားရပါသည်။ စေတီတော်သည် အောက်ခြေမှ ကွမ်းတောင်ထိပ်အထိ ဉာဏ်တော်ပေ ၁၅၀ ရှိပြီး ဘေးတစ်ဖက် တစ်ချက်သည် ပေ ၁၄၀ ကျယ်ပါသည်။ အာရုဏ်ခံ ခန်းမကြီးသည် အရှေ့ဘက် မျက်နှာမူ၍ အခြားသုံးဖက်တွင် လည်း ပေါင်းကူးမုခ်ခုံး အာရုဏ်ခံများ တည်ဆောက်ထားပါသည်။ အပေါ်ထပ်လိုဏ်ဂူတွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄ ဆူ၊ အောက်ထပ်လိုဏ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄ ဆူရှိပါသည်။ အောက်ထပ် လိုဏ်မဏ္ဍိုင်ပတ်လည်တွင် ယခင်က ကျောင်းဆင်းတုရုပ်ပွားတော်များထားသော မုခ်ကပ်အချိုင့်ပေါင်း ၂၂ ခုရှိပါသည်။ ဘုရား အရှေ့ဘက်ရှိ အတွင်းမုခ်ခုံး၏ တောင်ဘက် နံရံတွင် ခရစ် ၁၅ ရာစုနှစ်က ရေးထိုးခဲ့သည့် မိဖုရားစော တောကျောင်းနေ သဒ္ဓမ္မဒိဝါကရ မထေရ်၏ ဆုတောင်း မေတ္တာစာ ကမ္ပည်းမင်စာ ၁၄ ကြောင်းရှိသည်။  ထီးလိုမင်းလို ဘုရားတွင် အင်္ဂတေပန်းတော့ လက်ရာများရှိရာ ဘုရားအပြင်ဘက် ချင်မိတ်တိုးတန်း အောက်တွင် ပင့်ထောက်ခံထားသော သံကျောက်တုံးတန်းနှင့် ဘီလူးပန်းဆွဲများ၊ အပေါ်ထပ်လိုဏ်ထောင့် တိုင်ဖုန်းပန်းများ၊ ဘီလူးပန်းကိုက်နှင့် ခြူးပန်းခြူးနွယ်များ၊ အဝင်မုခ်ဝရှိ ပန်းဆွဲများ၊ တိုင်ဖုံးပန်းများ၊ ပြတင်းပေါက်တံကဲရှိ အင်္ဂတေပန်းများကို လေ့လာနိုင်ပါသည်။ ထီးလိုမင်းလို ဘုရား၏ အပေါ်ထပ် ပစ္စယာစိန်တန်းများနှင့် အောက်ခြေမှန်ကွက်များ၌ အစိမ်းရောင် အတွင်း အဝါရောင် ထည့်သွင်း ထားသော စဉ့်ကွင်းများဖြင့် တန်ဆာဆင်ထားပါသည်။ ထီးလိုမင်းလို ဘုရား၏ တိုင်မနံရံအဆုံးတွင် ခြင်္သေ့ရုပ်ကို ကိုယ်ထည်နှစ်ခွ ဖြင့် တန်ဆာဆင် ထားပါသည်။ ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ထီးလိုမင်းလိုဘုရား ကွမ်းထောင်ပြိုကျရာမှ တစ်ပေအရှည်ရှိ သံချောင်းများ၊ ကြေးကြုတ်၊ ရွှေကြုတ်၊ ငွေကြုတ်၊ ဖန်ကြုတ်များ ရရှိခဲ့ရာ ယခုအခါ ပုဂံပြတိုက်အတွင်းတွင် ပြသထားရှိပါသည်။