ပုဂံရှေးဟောင်းသုတေသနပြတိုက်

Listing Description

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်တွင် တည်ရှိပါသည်။ ၈.၁၆ ဧက (၃.၃ ဟက်တာ) ကျယ်ဝန်းသော မြေနေရာတွင် အထပ်လေးဆင့်အဆောက်အအုံဖြင့် ပုဂံဒေသမှ တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများစွာ ပြသထားပါသည်။ ရှေးဟောင်းသုတေသနပြတိုက်အဟောင်းမှာ အာနန္ဒဘုရား၏ မြောက်ဘက်ကပ်လျက်တွင် တည်ရှိပြီး ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံဒေသပတ်ဝန်းကျင်ရှိ ရှေးဟောင်းစေတီ၊ ဂူ၊ ကျောင်းများမှ ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဝတ္ထုပစ္စည်းများနှင့် ကျောက်စာများကို ပြသထားရှိရန် ၁၉၀၂ ခုနှစ်တွင် တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ပြတိုက်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါပြတိုက်ဟောင်းမှာ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ထပ်မံစုဆောင်းရရှိလာသော ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်ကျပ်လာပြီး ခေတ်မီပြတိုက်သစ်တစ်ခုဆောက်လုပ်ရန်လိုအပ်လာသဖြင့် ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်၌ ၁၉၆၇ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ကာ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယအကြိမ်ပြတိုက်အသစ်ကြီးကို စတင်ဖွင့်လှစ်ပြသခဲ့ပါသည်။ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံဒေသသို့ လာရောက် ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခြင်းကြောင့် စုဆောင်းရရှိထားသော ပြတိုက်ပစ္စည်းများကို ကျယ်ကျယ်ဝန်းဝန်းနှင့် ခန့်ခန့်ထည်ထည် ခင်းကျင်းပြသနိုင်ရန် ပြတိုက်အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်လာပါသည်။ ထို့ကြောင့် ၁၉၉၅ ခုနှစ်တွင် ရှစ်မြှောင့်သဏ္ဌာန် ပြတိုက်ကို ချန်လှပ်၍ ကျန်အဆောက်အအုံများ ကိုဖျက်သိမ်းကာ မြေဧက ၁၀.၉၇ ဧက အကျယ်အဝန်းရှိသော မြေကွက်ပေါ်တွင် ခံ့ညားထည်ဝါသည့် ကမ္ဘာအဆင့်မီ လေးထပ်အဆောက်အအုံ ပြတိုက်သစ်ကြီးကို ထပ်မံဆောက်လုပ်ခဲ့သည်။ ယနေ့တွေ့မြင်ရသည့် ပုဂံရှေးဟောင်း သုတေသန ပြတိုက်သစ်ကြီးကို ၁၉၉၈ ခုနှစ်၊ ဧပြီလ၊ ၁၇ ရက်နေ့တွင် ဖွင့်လှစ် ပြသခဲ့သည်။ လေးထပ်အဆောက်အအုံဖြစ်သော ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးတွင် မြေတိုက်ထပ်၌ ရှေးပစ္စည်းများ ထိန်းသိမ်းထားရှိပါသည်။ မြေညီထပ်တွင် ပင်မပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ် ဗိသုကာလက်ရာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေအနုပညာပြခန်းနှင့် ပုဂံခေတ် လူနေမှုပြခန်းတို့ကို ပြသထားရှိပါသည်။ ပထမထပ်တွင် ပုဂံခေတ် စေတီပုထိုးများပန်းချီပြခန်းနှင့် ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်ပြခန်းတို့ကို ပြသထားရှိပါသည်။ ဒုတိယထပ်တွင် ပုဂံဒေသရှုခင်းကြည့်ရှုရန်အတွက် ဖွဲ့စည်းတည်ဆောက်ထားရှိပါသည်။ ပြတိုက်သည် တနင်္လာနေ့နှင့် အစိုးရ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ : ၃၀ ထိဖွင့်လှစ်ပြသထားရှိပါသည်။