ပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်း လာရောက်လည်ပတ်သူများ နားနေနိုင်ရန်နှင့် ရှုမျှော်ခင်းကြည့်ရန် ပြင်ဆင်ထား

Listing Description

ညောင်ဦး ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ဖွင့်လှစ်ခွင့်ရပါက ပလင်း ကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ရှုမျှော်ခင်းကြည့် တံတား၊ သစ်ပင်မျှော်စင်၊ ကလေးကစားကွင်း၊ ဥယျာဉ်၊ ဆင်ပြတိုက်နှင့် ဆင်စခန်းလာ ဆင်ချစ်သူများ စိတ်ကျေနပ် စေမည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပလင်း ကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက် မန်နေဂျာ) ထံမှ သိရသည်။

စီစဉ်ထား

ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် သည့် ဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန် ခြေတံရှည်တဲ နားနေဆောင်များ၊ သစ်ပင်ကြီးများနှင့် ထန်းပင်ကြီးများကို အမှီပြုဆောက်လုပ်ထားသည့် သစ်ပင်မျှော်စင် ဆောက်လုပ်ထားခြင်း၊ ရှုမျှော်ခင်းကြည့်ရှုနိုင်ရန် ဧရာဝတီမြစ်ကမ်းဘက် တံတားတည်ဆောက်ထားခြင်း၊ ကလေးကစားကွင်းနှင့် ဥယျာဉ်တွင်ကလေးငယ်များ ပျော်ရွှင်စွာကစားနိုင်ခြင်း၊ ဆင်ပြတိုက်ကိုလေ့လာနိုင်ခြင်း နှင့် ပလင်းကမ်းသာယာဆင် စခန်းရှိ ဆင်များရေချ၊ ရေချိုး ချိန်၊ ဆင်များ ဆင်စာဘူဖေးကျွေးချိန်နှင့် မြစ်ကြောင်း တစ်လျှောက် မော်တော်စီး၍ ရှုခင်းများကြည့်ရှုနိုင်စေရန် စီစဉ်ထားကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုက ရှင်းပြသည်။

ကြိုတင်စီမံဆောင်ရွက်

ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦး-မြင်းခြံ လမ်းမကြီးဘေးတွင်တည်ရှိပြီး ညောင်ဦးမြို့မှ ငါးမိုင် ခန့်အကွာ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်းဖြစ်ကာ ဆင်စခန်းဝင်းတွင် ဆင်ခုနစ်ကောင်ရှိကြောင်း၊ ဆင်စခန်း ဝင်ကြေး ပြည်တွင်းဧည့်သည် ကျပ် ၁၀၀၀၊ ပြည်ပဧည့်သည် ကျပ် ၁၀၀၀၀၊ ဆင်စီးခ ပြည်တွင်းဧည့်သည် ကျပ် ၅၀၀၀၊ ပြည်ပဧည့်သည် ကျပ် ၁၀၀၀၀၊ ဆင်စာတစ်ဗန်း ကျပ် ၁၀၀၀ ဖြင့်ကျွေးနိုင်ကာ ဆင်စခန်းဝင်းအတွင်း နားနေဆောင် ခြေတံရှည်တဲများပေါ်မှ သန့်ရှင်းလတ်ဆတ်သည့် အစား အစာများ မှာယူစားသုံးနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ကြိုတင်စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ကိုထိန် (KPD)