နွားပြဂူဘုရား

Listing Description

နွားပြဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ အနော်ရထာလမ်းမ၏မြောက်ဘက်ဘေး၊၊ မီးငြိမ်းကုန်းဘုရားအနီးတွင် တည်ရှိသည့် အရှေ့မျက်နှာလှည့် နှစ်ထပ်ဂူကွမ်းတောင်ပေါက် ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်ပါသည်။ ရှေးစာဟောင်းတို့တွင် ပုဂံခေတ်က ဆင်များ၊ မြင်းများ၊ ဝန်တင်နွားများကို မွေးမြူစောင့်ရှောက်ကြရသည့် ဆင်းများသင်္ခယာ၊ မြင်းများသင်္ခယာ၊ နွားများသင်္ခယာအမတ်တို့ရှိသည်ဟုဆိုရာ ယခုနွားပြဂူဘုရားသည် နွားများသင်္ခယာအမတ်တစ်ဦး တည်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ နွားပြဂူဘုရားမှာ နှစ်ထပ်ဂူဘုရားဖြစ်ပြီး အပေါ်ထပ်သို့တက်ရန် ကြောင်လိန်လှေကားပါရှိသည်။ အောက်ထပ်ဂူအတွင်း၌ ရုပ်ပွားဆင်းတုတော် တစ်ဆူနှင့် အပေါ်ထပ်တွင် ရုပ်ပွားဆင်းတုတော်တစ်ဆူ ထုလုပ်ပူဇော်ထားရှိပါသည်။ မုခ်တံကဲများ၌ အင်္ဂတေပန်းကြွများ၊ မကန်းရုပ်များ၊ ဘီလူးပန်းဆွဲများ၊ ကနုတ်ပန်းများဖြင့် တန်ဆာဆင်ထားရှိပြီး မျက်နှာကျက်မုခ်ဂုံးနံရံများတွင်မူ စက်တိုင်ပန်းဒီဇိုင်းများ ရေးဆွဲထားသည်ကို တွေ့မြင်လေ့လာနိုင်ပါသည်။