ငလိုက်စခန်းသာဆင်စခန်း တောတွင်းဖြတ်လျှောက်တံတား

Listing Description

နေပြည်တော်မှ ၇ မိုင်ခန့်အကွာ၊ ငလိုက်ကန်သာအပန်းဖြေစခန်းအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၁၇/၀) ဘေး အနောက်ဖက် ၂ ဖာလုံအကွာရှိ ငလိုက်စခန်းသာဆင်စခန်းတွင် တည်ရှိသည်။ ယင်း တောတွင်းဖြတ်လျှောက်တံတားသည် ဆင်စခန်းမှ စားသောက်ဆိုင် ကမ်းခြေအထိ စုစုပေါင်းအရှည် ၄၈၁၇ ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၄၀၉ ဒသမ ၆၅၅ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်းတိုင်လုံးပေါင်း ၉၂၅ တိုင်ဖြင့် တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ သစ်သားတံတားများတွင် အရှည်ဆုံး သစ်သားတံတားဖြစ်ကြောင်း သိရသည်။ လာရောက်လည်ပတ်သူများအနေဖြင့် တံတားတစ်လျှောက် သက်ကြီးကျွန်းစိုက်ခင်း၊ အပူပိုင်းထင်းရှူးစိုက်ခင်း၊ ပိတောက်စိုက်ခင်းများနှင့်အတူ အထက်ရွက်ပြတ်ရောနှောတောခြောက်အတွင်း ဒေသမျိုးရင်းသစ်ပင်မျိုးများ၊ ဝါးမျိုးစိတ်များစွာ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်နေမှုများကိုလည်း မြင်တွေ့ခံစားနိုင်သည်။ ထို့ပြင် တံတားအဆုံးတွင် ငလိုက်ဆည်ကန်ရေပြင်နှင့် သဘာဝဝါးရိပ် ရှုခင်းများကို အပန်းဖြေခံစား ကြည့်ရှုခြင်းဖြင့် ဆင်သမားဟင်းလျာများကို ဝယ်ယူစားသောက်နိုင်သော စားသောက်ဆိုင်များလည်း ရှိသည်။