မြင်းကပါဂူပြောက်ကြီးဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် ဂူပြောက်ကြီး နှစ်ဆူရှိသည်။ ဝက်ကြီးအင်းအရပ်ရှိ ဂူဘုရားကို ဝက်ကြီးအင်းဂူပြောက်ကြီး ဟုခေါ်ကြပြီး မြင်းကပါအရပ်ရှိ ဂူဘုရားကို မြင်းကပါဂူပြောက်ကြီး ဟု ခွဲခြားခေါ်ကြသည်။ မြင်းကပါဂူပြောက်ကြီးဘုရားကို အေဒီ ၁၁၁၃ ခုနှစ်တွင် ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းကြီးအတွက် ရည်စူး၍ ရွှေဆင်းတုတော်ကို ဌာပနာတည်ထားခဲ့သည်ဟု မြစေတီကျောက်စာအရ သိရှိရပါသည်။ မြင်းကပါဂူပြောက်ကြီးဘုရားသည် ပုဂံတွင် ထင်ရှားကျော်ကြားသော အနုပညာလက်ရာစုံသည့် ဂူဘုရားတစ်ဆူဖြစ်ပြီး ဂူဘုရား အတွင်း အပြင် အပြောက်အပြိန်းတို့ဖြင့် မွမ်းမံ တန်ဆာဆင်ထား၍ ဂူပြောက်ကြီးဘုရားဟု ခေါ်တွင်ခဲ့သည်။ တိုက်မအထက်တွင် ဆင်ခြေလျော အမိုး၊ ပစ္စယာများဖြင့် တည်ဆောက်ထားပြီး ကွမ်းတောင်ပေါက် ထားသည်။ ကွမ်းတောင် ပတ်လည် လေးမျက်နှာတွင် လေးထောင့် ဖောင်းပြားများ ဖော်၍ ကြက်လျာတွင် မုခ်ကပ်သုံးခု ပါရှိသည်။ နံရံဆေးရေး ပန်းချီကားများ၊ အင်္ဂတေ ပန်းတော့ လက်ရာများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများ ရှိသည်။ အာရုံခံအမိုးတွင် ခြေတော်ရာပုံများကို ပန်းခက် ပန်းနွယ်များဖြင့် တန်ဆာဆင်ထားသည်။ ဂန္ဓကုဋိဘုရားဆောင်အတွင်း ဆင်းတုပလ္လင် တစ်ဝိုက်တွင် မာရ်နတ်စစ်သည်ပုံများကို အဆန်းတကျယ် ရေးခြယ် ထားလေသည်။ ဂူပြောက်ကြီး (မြင်းကပါ) ဘုရားအတွင်း နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓဝင် ပန်းချီများဖြစ်သည့် မြတ်စွာဘုရား တာဝတိံသာမှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်းနှင့် ဘုရား ဝေသာလီပြည်သို့ လှေဖြင့် သွားပုံ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များ၊ ကောသလမင်း အိပ်မက် ၁၆ ချက်၊ ၅၄၄ ဘီစီတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း လက်ထက် ပထမသင်္ဂါယနာတင်ပွဲ၊ ၄၄၄ ဘီစီတွင် ဝေသာလီပြည် ကာဠာ သောကမင်းလက်ထက် ဒုတိယသင်္ဂါယနာ တင်ပွဲ၊ ၃၀၉ ဘီစီတွင် ပါဋလပုတ်ပြည် သီရိဓမ္မာသောက မင်းကြီးလက်ထက် တတိယသင်္ဂါယနာတင်ပွဲ အပါအဝင် အခြား ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အကြောင်းအရာများဖြစ်သည့် သီဟိုဠ်နိုင်ငံ ဧဠာရမင်းသည် နန်းတော်ရှေ့တွင် တရားခေါင်းလောင်း ချိတ်ဆွဲကာ တရားသဖြင့် အုပ်ချုပ်ပုံ၊ သီဟိုဠ်နိုင်ငံ ဒေဝါနံပီယမင်း နှင့် ရှင်မဟိန္ဒတို့ အမေးအဖြေခန်း ပန်းချီများ ဖြစ်သည်။ ထို့ပြင် နတ်သား နတ်သမီးများ ကနေပုံ၊ နန်းတွင်းသူ နန်းတွင်းသားများပုံ၊ ပုဂံခေတ် အမျိုးသား အမျိုးသမီးပုံ များလည်း ရှိသည်။ ၁၉၈၄ ခုနှစ်မှစ၍ ရှေးဟောင်းသုတေသနဦးစီးဌာနသည် ကုလသမဂ္ဂ အကူအညီဖြင့် မြင်းကပါဂူပြောက်ကြီးဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် မင်စာများကို ဓာတုဗေဒနည်းဖြင့် ပြန်လည် ထင်ရှား ပေါ်လွင်လာအောင် ဆောင်ရွက်ခဲ့သည့်အတွက် ဘုရားရှိ နံရံဆေးရေး ပန်းချီများ နှင့် ရှေးဟောင်း မွန်ဘာသာ ကမ္ပည်းစာများကို ဖတ်ရှု လေ့လာနိုင်ပြီ ဖြစ်သည်။ ဘုရား၏ အပြင်မျက်နှာစာများရှိ ဘီလူးပန်းဆွဲ၊ ထောင့်ဘောင်ပန်း အင်္ဂတေပန်း စသည့် အင်္ဂတေ၊ ပန်းတော့ လက်ရာများနှင့် ဘုရားရှိ ကျောက်လေသာ ပြတင်းပေါက်များ ဖောက်ထားပုံကို လေ့လာနိုင်သည်။ ဂူဘုရားရှိ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပတ်လည်တွင် စင်္ကြပတ်လမ်းရှိပြီး စင်္ကြအတွင်း နံရံ မုခ်ကပ်များရှိ ဗုဒ္ဓရုပ်ပွား ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်ပါသည်။