မန္တလေးတိုင်းဒေသကြီး၌ မဲဆန္ဒရှင်ပြည်သူ ၄၉ သိန်းကျော်အတွက် မဲရုံ ၅၄ဝဝ ကျော်ဖွင့်လှစ်ထားရှိ

Listing Description

မန္တလေး   နိုဝင်ဘာ   ၇

နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အတွင်းမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၉၄၀၅၉၂ ဦးအတွက် မဲရုံပေါင်း ၅၄၄၇ ရုံ ဖွင့်လှစ်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံး စာရင်းများအရ သိရသည်။

 အဆိုပါ မဲဆန္ဒရှင်ပြည်သူများအနက်   မန္တလေးခရိုင်အတွင်း၌    မဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၂၇၅၃၇၀ ဦးရှိပြီး ၎င်းတို့အတွက် မဲရုံပေါင်း ၆၇၉ ရုံ ဖွင့်လှစ်ထားရှိကာ တိုင်းဒေသကြီးအတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူ များ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိကြောင်း သိရသည်။

"မဲပေးတဲ့နေ့မှာ မဲရုံတွေကိုလာတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ဖို့အတွက်  ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ က ပေးထားတဲ့ KN-95 Mask တွေကိုဖြန့်ဝေပေးသွားမှာပါ၊၊  မဲရုံမဝင်ခင်မှာ အပူချိန်တိုင်းတာတွေ၊ လက်သန့်ဆေးရည်နဲ့ လက်ဆေးတာတွေ၊ တစ်ဦးနဲ့တစ်ဦး Social Distancing နဲ့အညီ မဲပေးဖို့စီစဉ်ထားပါတယ်၊၊ မဲရုံမှူးနဲ့မဲရုံဝန်ထမ်းတွေ အတွက်လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကာကွယ်ရေးပစ္စည်းတွေ အပြည့်အစုံ ပေးထားပါတယ်၊၊ မဲရုံဖွင့်ချိန် နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ မဲရုံ ဧရိယာအတွင်းမှာ သက်ဆိုင်ရာအထူးရဲတွေ၊ ဇုန်တွေမှာလည်း  ရဲတပ်ဖွဲ့တွေချ ထားပြီး လုံခြုံရေးတွေ ဆောင်ရွက်ထားတာဖြစ်ပါတယ်၊၊ ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည် ရဲရဲတင်းတင်းနဲ့ လာရောက်မဲပေးကြဖို့ ပြောကြားလိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောသည်။

ယှဉ်ပြိုင်အရွေးခံမည်

ယခုကျင်းပမည့်ရွေးကောက်ပွဲတွင်     မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီ ၁၉ ခုနှင့်  တစ်သီးပုဂ္ဂလတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်ပြီး ၎င်းတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၁၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၄၁ ဦး၊ တိုင်းဒေသ ကြီး(၁)လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၃၂ ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၃၁ ဦး နှင့်   ရှမ်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် လေးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)