မဟာစေတီတော်

Listing Description

မဟာစေတီတော်သည် ပဲခူးမြို့၊ ပဲခူးမြစ်၏ အနောက်ဘက်ကမ်း၊ မဇင်း (က) ရပ်ကွက်အတွင်း၊ ကလျာဏီသိမ်တော်ကြီး၏ အနောက်မြောက် ယွန်းယွန်းတွင် တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၉၂၁ ခုနှစ် စေတီတော်တည်ချိန်တွင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် စီမံကွပ်ကဲခဲ့သည်ဟု သိရပါသည်။ ပဲခူးမြို့တွင်ရှိသည့် စေတီများအနက် မဟာစေတီသည် ရွှေမော်ဓောစေတီပြီးလျှင် ဉာဏ်တော်အမြင့်ဆုံးနှင့် ထုထည်အကြီးဆုံး ဖြစ်ပါသည်။ စေတီတော်ဉာဏ်တော်အမြင့်သည် ၃၃၃ ပေ ဖြစ်ပြီး လုံးပတ်တော်မှာ အဝန်း ၁၅၀၀ ပေရှိကာ စေတီရံများ ၆၀ ဆူရှိပါသည်။ သရီရဓာတ်တော် ပေါင်း ၂၁၁၉၄ ဆူ၊ စွယ်တော်ပွားတစ်ဆူနှင့် အခြားဓာတ်တော်ပေါင်း ၆၃၃၈၀ ဆူကို ထည့်သွင်းပြီး ဌာပနာခဲ့သည်။ သက္ကရာဇ် ၉၂၅ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်၏ ထီးတော် ပြိုကျပျက်စီးသဖြင့် သက္ကရာဇ် ၉၂၈ ခုနှစ် တပို့တွဲလပြည့်ကျော် ၅ ရက် (ခရစ်နှစ် ၁၅၆၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်) တွင် မင်္ဂလာထီးတော်အသစ်ကို တင်လှူခဲ့ရသည်။ ထို့နောက်တွင် လေးကြိမ်တိုင် ငလျင်ဒဏ် ခံခဲ့ရသဖြင့် သက္ကရာဇ် ၉၅၀ ပြည့်နှစ်တွင် ငါးဆူဒါယကာ နန္ဒမင်းကလည်းကောင်း၊ သက္ကရာဇ် ၉၇၇ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကလည်းကောင်း၊ သက္ကရာဇ် ၉၉၅ ခုနှစ်တွင် သာလွန်မင်းကလည်းကောင်း၊ သက္ကရာဇ် ၁၀၅၉ ခုနှစ်တွင် နတ်ရှင်နောင်၏ ဖခင် မင်းရဲကျော်ထင်ကလည်းကောင်း ပြုပြင်မွမ်းမံကာ ထီးတော်အသစ်များ တင်လှူခဲ့ကြပါသည်။ သက္ကရာဇ် ၁၁၉၂ ခုနှစ် ကဆုန်လဆန်း ၅ ရက်တွင် ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံအခြေမှစ၍ ပြိုလဲပျက်စီးခဲ့ရာ သက္ကရာဇ် ၁၃၄၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်) ပြည်ထောင်စုနေ့တွင် ထီးတော်အသစ်ကို တင်လှူပူဇော်နိုင်ခဲ့ကြသည်။ မဟာစေတီတော်အနီးတွင်လည်း ဘုရင့်နောင်မင်းတရားကြီး၏ အောင်မြေကို မြင်တွေ့နိုင်ပြီး စေတီတော်ပရိဝုဏ် အနောက်မြောက်ဘက်တွင် ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော်ဟု သိရသည့် ပုဂံရှိ အာနန္ဒာစေတီပုံစံ မဟာအာနန္ဒာ ဂဝံစေတီကို ဖူးမြင်နိုင်ပါသည်။