မော်ရစ်စေတီ

Listing Description

မော်ရစ်စေတီသည် ထားဝယ်မြို့ မောင်းမကန်ရွာလမ်းခွဲမှ ၁၀ မိုင်ခန့်ကွာဝေးပြီး  ပင်လယ်ဖက်သို့ စွန်းထွက်နေသော ကျောက်ဆောင်အငူပေါ်တွင်တည်ထားပါသည်။ အေဒီ ၁၀၉၂ တွင် အလောင်းစည်သူမင်းကြီးသည် ဖောင်စင်္ကြာဖြင့်လှည့်လည်ရင်း ထိုအငူသို့ရောက်ရှိကာ မြတ်စွာဘုရား၏ ဆံတော်မြတ်နှစ်ဆူကို ဌာပနာ၍ စေတီတစ်ဆူတည်ခဲ့သည်ဟု သိရပါသည်။ မင်းကြီး၏ နောက်ပါအချို့မှာ ခရီးလမ်း ရှည်ကြာစွာ ခရီးဆက်ခဲ့ရခြင်းတို့ကြောင့် နေရပ် နှင့် မိသားစု တို့ကို လွမ်းဆွတ်တမ်းတစိတ်ဖြင့် ညည်းညူကြသည်။ မင်းကြီး ကြားသိသော် အမျက်တော်ရှ၍ စေတီတည်ပြီး ဖောင်ပြန်လွှင့်သော် ထိုနောက်ပါများအား နဂါးရစ်မော်တွင် နေခဲ့စေဟု အမိန့်ချမှတ်ခဲ့ပါသည်။ ဖောင်စင်္ကြာထွက်သွားသည်ကို မျှော်ကြည့်ရင်း ကျန်ရစ်ခဲ့ရသဖြင့် မျှော်ရစ်ဘုရားဟုတွင်လာခဲ့သည်ဟု ဆိုပါသည်။ နောက်ပိုင်းတွင် တံငါလှေများ ထိုနေရာရောက်လျင် ရစ်ပတ်၍ သွားလာရသော မော်အငူလေး ဖြစ်လာသဖြင့် မော်ရစ် ဟု ခေါ်ဆိုလာကြပါသည်။ ပင်လယ်ဘက် စွန်းထွက်နေသော ကျောက်အငူပေါ်တွင် တည်ထားခြင်း၊ စေတီအနောက်ဘက်တွင် သစ်ပင်ကြီးများ အုံ့အုံ့စိုင်းစိုင်း ရှိနေခြင်း၊ ကျောက်ဆောင်များ ပတ်လည်ဝိုင်းနေခြင်း တို့ကြောင့် မျှော်ရစ်စေတီသည် အလွန်သာယာလှပါသည်။