မော့စ် (၁၉၅၄ - ၂၀၁၃)

Listing Description

လူရွှင်တော် ဦးမော့စ်ကို ၁၉၅၄ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့၊ ရေတိုးချောင်ရွာတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ တင်ဝင်းဖြစ်သည်။

သူ၏ အနုပညာ ခြေလှမ်းများကို ကွယ်လွန်သွားပြီဖြစ်သော ဇာတ်မင်းသားကြီး စိန်မာဒင်၏ ဇာတ်အဖွဲ့တွင် ကားလိပ်ဆွဲ ဘဝဖြင့် စတင်ခဲ့သူဖြစ်သည်။ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် မန္တလေး စိန်မြတ်မော် အငြိမ့်၌ ပညာသင် လူရွှင်တော်တစ်ဦးအဖြစ် ဦးစိန်ရိုး၊ ဦးရွှေဗျိုင်း စသည့် လူရွှင်တော်ကြီးများထံတွင် ပညာသင်ခဲ့သည်။

၁၉၈၀ ခန့်တွင် မင်းသားကြီး စိန်မာဒင်၏သား မင်းသား မိုးဝင်း၊ မိုးမင်းတို့နှင့်အတူ ဒါရိုက်တာ မောင်စိတ္တ၏ ဇာတ်လမ်းများကို လူရွှင်တော် မိုးဒီ‎နှင့် တွဲဖက် ကပြခဲ့ရာ မိုးဒီ-မော့စ် လူရွှင်တော်အတွဲဟု ပရိသတ်မှ စတင် လက်ခံလာခဲ့သည်။

ဇာတ်ခုံပေါ်တွင် တရုတ်ကွန်ဖူးမင်းသား ဘရုစလီကဲ့သို့ သရုပ်ဆောင်ရာ ဘရုစလီမော့စ်၊ နဂါးလေးမော့စ်ဟု နာမည်ကြီးပြီးနောက်ပိုင်းတွင် ဇာတ်ထုတ်ဖြစ်သည့် မောင်ပေါက်ကျိုင်း ဇာတ်၊ သုဝဏ္ဏငလျှံ ဇာတ်များမှာ လူကြိုက်များခဲ့သည်။

ထို့နောက် ရန်ကုန်စံပြသဘင်မှ ခွဲထွက်ပြီး ဒါရိုက်တာ မောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့ ပူးပေါင်းကာ မင်းသား တင်မိုးဝင်းကို မင်းသားအဖြစ် တင်မြှောက်လျက် ကျွန်တော့်သဘင် ကို တည်ထောင်ခဲ့သည်။

တင်မိုးဝင်းဇာတ်သဘင်နှင့် ၁၅ နှစ်ကြာ လက်တွဲကပြခဲ့ပြီးနောက် မိုးဒီ နှင့် မော့စ် ပူးပေါင်းကာ ဇာတ်ထောင်ခဲ့သည်။ ဇာတ်ထောင်သည့် အချိန်မှာပင် ၁၉၈၈ ခုနှစ် ဝန်းကျင်ခန့်က ဒါရိုက်တာ ဦးမြင့်ကျော် ရိုက်ကူးသည့် “ရှက်တယ်တအား” ဗီဒီယို ဇာတ်ကားတွင် ပါဝင်ခဲ့ပြီး ဒါရိုက်တာ စိန်သံမဏိ ရိုက်ကူးသည့် “ဖာတစ်လုံးရွှေရိုး” ဗီဒီယိုဇာတ်ကားဖြင့် အနုပညာ လောကထဲသို့ အောင်မြင်စွာ ခြေချနိုင်ခဲ့သူဖြစ်သည်။

၁၉၈၆ ခုနှစ်တွင် ပဲခူးသန်းအောင် စီစဉ်သည့် မိုးဒီနှင့် မော့စ်တို့နှစ်ဦး ပါဝင်သော “မင်္ဂလာဦးည” ဗီဒီယိုဇာတ်ကားသည် မြန်မာ ဗီဒီယို ခေတ်ဦးပိုင်းက အငှားရဆုံးအခွေ၊ အလှူ၊ မင်္ဂလာဆောင် စသည့်တို့တွင် မပါမဖြစ် ငှားရမ်းပြသရသည့် အခွေဖြစ်ခဲ့သည်။

ထို့နောက် ဇာတ်သဘင်မှ ဗီဒီယို၊ ရုပ်ရှင်လောကသို့ ကူးပြောင်းသွားခဲ့ပြီး ရာဇဝင်၊ ဟာသနှင့် အချစ်ဟာသ စသည့် ဇာတ်ကားများတွင် အဓိက သရုပ်ဆောင်အဖြစ် လည်းကောင်း၊ ဇာတ်ပို့ ဇာတ်ရံအဖြစ် လည်းကောင်း သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ရင်း ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးသည့် “ထာဝရအလင်းတန်းများ” ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရရှိခဲ့သည်။

ဦးမော့စ်သည် ၂၀၁၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ SSC ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်ကာ အသည်းရောဂါဝေဒနာကို ကာလရှည်ကြာ ခံစားခဲ့ရသူ ဖြစ်သည်။