မာလဲနတ်တောင်ရေလှောင်တမံမှ နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် စိုက်ပျိုးရေပေးဝေမည်

Listing Description

မန္တလေး ဇန်နဝါရီ ၁၇

စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင် ရေလှောင်တမံ အား တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာပေးဝေ နိုင်ရန် ပြုပြင်မှုများ ဆောင်ရွက်ပြီးဖြစ်၍ နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ စိုက်ပျိုး ရေများ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ပြောကြားသည်။

အဆိုပါ နွေသီးနှံစိုက်ဧကများအတွက် မာလဲနတ်တောင် ရေလှောင်တမံအတွင်း ရေလက်ကျန်ပမာဏမှာ ဧက ၁၇၀၈၀၊ ရေသေပမာဏမှာ ဧက ၇၄၁၀၊ စိုက်ပျိုးရေအတွက် အသုံးပြုနိုင်သောရေပမာဏမှာ ဧက ၉၆၇၀ ဖြစ်ပြီး ယင်းရေလက်ကျန်ပမာဏပေါ် မူတည်၍ ယခုဘဏ္ဍာနှစ်တွင် နွေစပါး ၇၆၅ ဧကနှင့် နွေနှမ်းဧက ၁၀၀ လျာထားပြီး စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း၊ ထို့အတူလာမည့် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးကြမည့် ပျိုးထောင်ရေအတွက်လည်း ချန်ထားပြီးဖြစ်ကြောင်း သိရ သည်။

“တောင်သူတွေအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာပေး နိုင်အောင် မာလဲနတ်တောင်ကို အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီးပါပြီ။ နောက်ဆို မိုးရွာသွန်းမှုပေါ်မူတည်ပြီးတော့ တောင်သူတွေအတွက် စိုက်ပျိုးရေ တွေကို ပြည့်ဝစွာပေးသွားမှာပါ။ အခုနွေသီးနှံတွေအတွက် လည်း စိုက်ပျိုးရေ ပေးဝေသွားတော့မှာပါ။ တောင်သူတွေ အနေနဲ့ကလည်း ရေကို စနစ်တကျနဲ့ ချွေတာသုံးစွဲကြဖို့ လိုပါတယ်။

ဒါမှ ရေတွေအလေအလွင့်မရှိဘဲနဲ့ တောင်သူတွေ အဆင်ပြေစွာသုံးစွဲနိုင်ကြမှာပါ။ နွေ၊ မိုး ရာသီအလိုက် တောင်သူတွေအတွက် စိုက်ပျိုးရေများကို ပေးဝေသွားမှာပါ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ မာလဲနတ်တောင်ရေလှောင်တမံမှ ရေပေးဝေနိုင်ရန်အတွက် စနစ်တကျ အဆင့်မြှင့်တင်ပြီးဖြစ်၍ ဆည်ရေသောက်ဧရိယာ ဧက ၆၅၀၀ အတွက် အပြည့်အဝပေးဝေနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုးရေများကို မာလဲကျေးရွာ၊ နတ်တောင်ကျေးရွာ၊ လက်ပန်လှ၊ ဝါးရုံကုန်း၊ ရှောက်ပင်ရိုး၊ ခူလယ်၊ ကုက္ကို၊ စဉ့်ကူး(၂)၊ ငွေတောင်နှင့် မင်းရွာ စသည့်ကျေးရွာများတွင် ယခင်ကထက် ဆည်ရေ အပြည့်အဝရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆည်တော်ကြီးဆည်မှလည်း ယခုနှစ်တွင် တောင်သူများ စိုက်ပျိုး မည့် နွေသီးနှံများဖြစ်သော နွေစပါး ၆၇၀၅၃ ဧကနှင့် နွေနှမ်း ၂၉၅ ဧကတို့ အတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)