ကြံ့သူတော်တစ်ကောင် ထိန်းသိမ်းစောင့်ရှောက်ထား

Listing Description

နေပြည်တော်  ဒီဇင်ဘာ  ၄

ကမ္ဘာ့အဆင့် ရှားပါးတောရိုင်းတိရစ္ဆာန်အမျိုးအစားဖြစ်သည့်  ကြံ့သူတော်တစ်ကောင်အား  ဒေသခံ ပြည်သူနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်နိုင်ခဲ့ ကြောင်း သိရသည်။

အမဲလိုက် မုဆိုးများ ထောင်ထားသည့် ထောင်ချောက်မှ လွတ်လာသည့် ကြံ့သူတော်အား ဒေသခံတစ်ဦးက စောင့်ရှောက်ထားကြောင်း လူမှုကွန်ရက်တွင် ပါရှိသည့် သတင်းအား တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ  ဆက်လက်စုံစမ်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်မြို့နယ် အမှတ်(၉)ကျေးရွာ အနီးရှိ ဥယျာဉ်ခြံတွင် နေထိုင်သည့်  ဦးအောင်စိုးမိုးက  သိန်းခွန်း ကြိုးဝိုင်းအတွင်း ထောင်ချောက်မှ လွတ်လာပြီး ဒဏ်ရာ အနာတရ ဖြစ်နေသည့် ကြံ့သူတော်အား ၎င်း၏နေအိမ်သို့ ခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း  သိရသဖြင့် ဒီဇင်ဘာ ၁ ရက်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်သူများ သွားရောက်၍ ဆေးကုသပေးပြီး ကြံ့သူတော်အား ထိန်းသိမ်း စောင့်ရှောက်ထားသူ ဦးအောင်စိုးမိုးကို  အများပြည်သူနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေကျပ် ၄၂၀၀၀၀ ကို ချီးမြှင့်ခဲ့သည်။

အဆိုပါ ကြံ့သူတော်သည် အမဖြစ်ပြီး အလျားခြောက်ပေ၊  လုံးပတ် ခြောက်ပေရှိကာ ပေါင် ၂၅၀ ခန့် အလေးချိန် ရှိကြောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းတွင်သာ တွေ့ရှိရသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး   ဥပဒေအရ လုံးဝကာကွယ်ထားသည့် မျိုးစိတ်ဖြစ်ကြောင်းနှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရထားမှု ပျောက်ကင်းသွားပါက ကြံ့သူတော်အား  ရေဖြူမြို့နယ် တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း၊ မိချောင်းလှောင်စခန်းသို့  ပြောင်းရွှေ့၍ စောင့်ရှောက်ထား မည်ဖြစ်ပြီး ကျန်းမာသန်စွမ်းလာပါက ၎င်းကျက်စားနေထိုင် သည့်  နေရင်းဒေသတွင် လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့်    ရှားပါးတောရိုင်းတိရစ္ဆာန်ဖြစ်သည့် ကြံ့သူတော်အား   အများပြည်သူနှင့်    အစိုးရဌာနတို့ ပူးပေါင်း၍ ကာကွယ်ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး နောင်တွင် လည်း တောရိုင်းတိရစ္ဆာန်များကို အလားတူ တွေ့ရှိရပါက အချိန်မီကာကွယ်စောင့်ရှောက်နိုင်ရေး သက်ဆိုင်ရာ သစ်တောဦးစီးဌာနသို့  ကူညီသတင်းပို့ ပေးကြပါရန် တိုက်တွန်းကြောင်း  သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်