ခင်မောင်တိုး (၁၉၅၀ - ၂၀၁၂)

Listing Description

ခင်မောင်တိုးကို ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အရေးပိုင်း ဦးခင်မောင်နှင့်  ဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ သုံးယောက်အနက် တတိယမြောက်သား ဖြစ်သည်။

ဖခင် တာဝန်ကျရာ မြို့ရွာများသို့ လိုက်လံပြောင်းရွေ့နေထိုင်ခဲ့ရပြီး သူငယ်တန်းမှ ဆဋ္ဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းမှ အဋ္ဌမတန်းပညာကို စစ်တွေမြို့နှင့် အထက်တန်းပညာအောင်မြင်သည်အထိကို သထုံမြို့တို့တွင် တက်ရောက်သင်ကြားခဲ့ရသည်။ ၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

ဒုတိယနှစ်တွင် ကျောင်းထွက်ပြီး ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ စက်မှုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲလွင်နှင့် တွဲ၍ ဂီတအနုပညာကို စတင်လုပ်ကိုင်ခဲ့သည်။

ထမဆုံးသော တစ်ကိုယ်တော်စီးရီး "ကျေးဇူးတင်တယ်ကမ္ဘာကြီးရယ်" ကို "ပြဿနာအုပ်စု" တီးဝိုင်းဖြင့် ၁၉၇၃ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ထိုစီးရီးသည် ကော်ပီသံစဉ်စီးရီးဖြစ်သည်။ ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိပ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ်စီးရီး ဖြစ်သည်။ 

၁၉၇၉ ခုနှစ်တွင် ကိုရဲလွင်၊ ဇော်မျိုးထွဋ်၊ အဉ္ဇလီ မောင်မောင်၊ ကိုနေဝင်း တို့နှင်အတူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆဝီ"ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့သည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင်သံစဉ်စီးရီး ဖြစ်ပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့သည်။

၁၉၈၁ ခုနှစ်တွင် "ဝိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "ဝိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် "လိစ္ဆဝီ" တေးဂီတဝိုင်းကို "မဇ္ဈိမလှိုင်း" ဟု အမည်ပြောင်းလဲခဲ့ပြီး ဂီတလုပ်ငန်းများကို အခြေချ လုပ်ကိုင်နိုင်ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့သည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။

၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀ဝ၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့သည်။ "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။

ဂီတသက်တမ်းတလျှောက်တွင် တေးစီးရီးပေါင်း ၃၅ ခု သီဆိုခဲ့သည်။

ပထမဆုံး တေးစီးရီး "ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်" မဖြန့်ချီခင်အချိန်ကပင် ဒေါ်ဝေဝေခိုင်နှင့် လက်ထပ်ခဲ့ပြီး မင်းမင်းဦး၊ အောင်ပန်းဦးနှင် သမီးငယ် ဝေနှင်းခိုင်ဆိုသည့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် အသည်းကင်ဆာ ရောဂါဖြင့် စင်ကာပူနိုင်ငံ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စင်္ကာပူစံတော်ချိန်) (၈နာရီ ၂၀မိနစ်) အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သည်။[