၁၉၁၄ ခုနှစ်၊ ဇန်နဝါရီလ၁၉ ရက်နေ့တွင် ပျဉ်းမနားမြို့၌ အဖ ရှေ့နေဦးဖိုးတုတ်၊ အမိ ဒေါ်ဒေါ်သုန်တို့မှ မွေးဖွားခဲ့သည်။ ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်နှင့် ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဂုဏ်ထူးတန်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။
၁၉၃၄ - ၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် ကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တည်ထောင်ရာတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဂုဏ်ထူးတန်း အောင်ခဲ့ပြီး ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဘီအယ်လ်ဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် အင်္ဂလိပ်လက်အောက်တွင် အကောက်ခွန်ဌာန ရာဖြတ်အဖြစ် အလုပ်ဝင်လုပ်ရင်း နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မြေအောက် တော်လှန်ရေးပါတီဖြစ်သည့် ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party) (နောက် ဆိုရှယ်လစ်ပါတီ)၏ အလုပ်အမှုဆောင်တစ်ဦး ဖြစ်သည်။
ဂျပန်ခေတ် ၁၉၄၂ - ၄၃ ခုနှစ် ဒေါက်တာဘမော်၏ အစိုးရ အဖွဲ့တွင် ဝန်ကြီးအဖွဲ့ (ကက်ဘီနက်) အတွင်းဝန်၊ ရှမ်းပြည်နယ်အတွင်းဝန်နှင့် နိုင်ငံခြားရေး ဌာန ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ရန် ဖွဲ့စည်းခဲ့သည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦးတွင် တစ်ဦးဖြစ်ပြီး ဖတပလ ဗဟိုစစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲခံပြီးနောက် နိုင်ငံရေးအင်အားစုအသီးသီးကို စုစည်းကာ ဖတပလကို ဖဆပလ အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲကာ ပြန်လည်ဖွဲ့စည်းသည့်အခါတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပြီးနောက် ဖဆပလ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၅၆ နှစ်အထိ တာဝန်ယူခဲ့သည်။
၁၉၄၅ ခု၊ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပျဉ်းမနားနယ် နိုင်ငံရေးမှူးနှင့် ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၇ ခုနှစ်တွင် လန်ဒန်မြို့တွင် ကျင်းပသည့်အောင်ဆန်းအက်တလီဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် ပြည်မြို့မဲဆန္ဒနယ်မှ ဖဆပလအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်ထဲရေးနှင့် တရားရေးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးခေတ်တစ်လျှောက် အစိုးရအဆက်ဆက် စွဲကိုင်ကျင့်သုံးခဲ့သောကြားနေရေး၊ ဘက်မလိုက်နိုင်ငံခြားရေးဝါဒ၏ ဗိသုကာဖြစ်ပြီး ကိုလိုနီခေတ်လွန်နိုင်ငံများ၏ တတိယအင်အား(Third Force)မူဝါဒကို ဦးဆုံးအဆိုပြု တည်ထောင်အားပေးသူဖြစ်သည်။ (Asian Socialist Conference) အာရှဆိုရှယ်လစ်ညီလာခံဟု အမည်တွင်သည့် အာရှတိုက်တတိုက်လုံးဆိုင်ရာ ဆိုရှယ်လစ်အဖွဲ့ကြီးကို အဓိက တွန်းအားပေး တည်ထောင်ဖွဲ့စည်းခဲ့သူဖြစ်သည်။ သွင်းကုန်အစားထိုးရေးမူဝါဒကို ကိုင်စွဲပြီး ၁၉၅၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ (Industrialization) ကို တွန်းအားပေးပြီး စတင်ခဲ့သူဖြစ်သည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖွဲ့စည်းခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီဝင် ဝန်ကြီးများ နုတ်ထွက်သည့်အခါ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် သမဝါယမဝန်ကြီး၊ ၁၉၅၂ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် သိမ်ဖြူတောင် မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်းခံရသော လွှတ်တော်အမတ်၊ ၁၉၅၃ ခုနှစ်တွင် သမဝါယမ ထုတ်ကုန် ဖြန့်ဖြူးရေးဌာနနှင့် စက်မှုဌာနဝန်ကြီး၊ ဒု-ဝန်ကြီးချုပ် (အမျိုသားစီပွားရေး) အဖြစ် တာဝန်ယူခဲ့သည်။
၁၉၅၅ ခုနှစ်တွင် မာရှယ်တီးတိုး ချီးမြှင့်သော ယူဂိုဆလပ်တံခွန် ပထမအဆင့်၊ ထိုင်းနိုင်ငံမှ ချီးမြှင့်သော ဆင်ဖြူတော်ဂုဏ်ထူးဆောင် တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) တို့ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံဂုဏ်ရည် ပထမအဆင့်ကို ရရှိခဲ့သည်။
၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲတွင် သိမ်ဖြူတောင် မဲဆန္ဒနယ်မှ လွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်ခြင်း ခံရပြီး၊ ဖဆပလ နှစ်ခြမ်းကွဲသည့် ၁၉၅၈ ခု အထိ ဒု-ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနု ဦးဆောင်နေသည့် အစိုးရအဖွဲ့မှ ဦးဗဆွေ၊ အခြား ဝန်ကြီး ၁၃ ဦးနှင့် အတူ နုတ်ထွက်ပြီး နောက်တစ်ရက်တွင် ဦးနုအစိုးရအား အယုံအကြည်မရှိ အဆို တင်သွင်းခဲ့သော်လည်း ၈ မဲ အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ဦးဗဆွေနှင့် လက်တွဲပြီး တည်မြဲ ဖဆပလ (ဆွေ-ငြိမ်း) အဖြစ် ပြန်လည် ဖွဲ့စည်းရာတွင် ဖဆပလ (တည်မြဲ) ဒု-ဥက္ကဋ္ဌနှင့် ဖဆပလ လူငယ်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ (သိန်းဖေမြင့်၏ 'ကျော်ငြိမ်း' စာအုပ်ထဲတွင် မေလ ၅ ရက်ဟု ပါရှိ) တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၉၆၈ ခု၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်း တာဝန်ပေးသည့် "ယာယီ အမျိုးသား ညီညွတ်ရေးအကြံပေးအဖွဲ့" ခေါ် (၃၃) ဦး အကြံပေးအဖွဲ့တွင် နိုင်ငံတော်သမ္မတကြီးဟောင်း မန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဦးဗဆွေတို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ဒေါ်နွဲ့နွဲ့ရီ (B.A., B.L.) နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၇ ယောက် ထွန်းကားခဲ့သည်။
၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။