ခင်ခင်ရီ (၁၉၁၇-၁၉၉၁)

Listing Description

မြန်မာ့ရုပ်ရှင်အနုပညာလောကတွင် အသံတိတ်ခေတ်မှစတင် အောင်မြင်ကျော်ကြားလာခဲ့သော ရုပ်ရှင်မင်းသမီးဖြစ်သည်။ သီချင်းများလည်းသီဆိုခဲ့ရာ ဘင်ဂျိုသာဒွန်းရေး၍ ခင်မောင်ရင်နှင့် တွဲဖက်သီဆိုခဲ့သော ကျိုက်ထီးရိုးသီချင်းနှင့် ဒဂုံဆရာတင်ရေးခဲ့သော အောင်စေတီသီချင်းတို့မှာ ထင်ရှားသည်။

ခင်ခင်ရီကို (၁၉၁၇)ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ပဲခူးမြို့၌ အဖဦးဘဟန်၊ အမိဒေါ်အုန်းမေ တို့ကမွေးဖွားခဲ့သည်။ အမည်ရင်းမှာ မအေးကြည်ဖြစ်သည်။ (၁၉၂၉)ခုနှစ်တွင် ရုပ်ရှင်လောကသို့ဝင်ရောက်ခဲ့သည်။ အမည်ရင်း မအေးကြည်မှ ခင်ခင်ရီသို့ပြောင်းလဲခဲ့သည်။

ပထမဦးဆုံးစတင်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ရွှေအိမ်စည်နှင့်ပဋိက္ခရားဖြစ်ပြီး ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီက ရိုက်ကူးခဲ့သည်။ ခင်ခင်ရီပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း (၁ဝဝ)ကျော်တွင် အောင်မြင်ကျော်ကြားခဲ့သည့် ဇာတ်ကားများမှာဣတ္ထိယ၊ သူဇာ၊ ရွှေနှင့်မြ၊ အပျိုစင်နှင့်ကလေးမ ရုပ်ရှင်ဇာတ်ကားများဖြစ်သည်။ နောက်ဆုံးပါဝင်ရိုက်ကူးခဲ့သည့်ရုပ်ရှင်ကားမှာ ဒါရိုက်တာ ဂန္ထဝင်မောင်ဝိုင်းရိုက်ကူးသောအချစ်ရွာ ဇာတ်ကားဖြစ်သည်။

ခင်ခင်ရီသည် ပြည့်စုံရုပ်ရှင်မှ ညတိုက်ပွဲ(ရုပ်ရှင်စုံ)တွင် ရှေးခေတ် မြန်မာ့ရုပ်ရှင်သမိုင်းအခန်းတစ်ခန်း၌မင်းသားတင်ငွေနှင့်အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ နိုင်ငံရေးနှင့်လူမှုရေးလုပ်ငန်းများ တွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံအထိမ်းအမှတ် နေ့ရက်ကြီးများနှင့်ပတ်သက်သော အခမ်းအနားများအတွက် ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်သီဆိုလှုံ့ဆော်ပေးခဲ့သည်။ အပျော်တမ်းသူနာပြုအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ခင်ခင်ရီ နောက်ဆုံးခဲ့သော ရုပ်သံအစီအစဉ်မှာ (၁၉၉၀) ပြည့်နှစ်က မြန်မာ့အသံနှင့် ရုပ်ရှင်သံကြားအတွက် တစ်ဦးတည်းအနေဖြင့်ရော မင်းသားကြီး၊ တေးသံရှင် ဝင်းဦး နှင့်တွဲဖက်၍ပါ သီဆိုသရုပ်ဆောင်သည့် အောင်စေတီသီချင်းဖြစ်သည်။

(၁၉၄၄)ခုနှစ်တွင် စာရေးဆရာ၊ ဒါရိုက်တာဝဏ္ဏကျော်ထင် ဦးရန်နိုင်စိန် (အငြိမ်းစားညွှန်ကြားရေးမှူး၊ ယဉ်ကျေးမှုဝန်ကြီးဌာန)နှင့် အိမ်ထောင်ပြုခဲ့သည်။ သားသုံးဦးနှင့်သမီးတစ်ဦး ထွန်းကားခဲ့သည်။ ရုပ်ရှင်မင်းသမီးကြီး ခင်ခင်ရီသည် (၁၉၉၁)ခုနှစ် မတ်လ(၂)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။