လူမင်း

Listing Description

လူမင်းကို ၁၉၇၀ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အဖ ဦးသိန်းလှိုင် နှင့် အမိ ဒေါ်ရီရီလှိုင် တို့မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်မင်းမင်းလှိုင်ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် စတင်ကာ အနုပညာလောကထဲသို့ ဝင်‌ရောက်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရိုက်ကူးခဲ့သော “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ရရှိခဲ့သည်။ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု ကို ၂၀၁၆ ခုနှစ်တွင် ရိုက်ကူးခဲ့သော “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာ တာတေ” ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးခဲ့သော “ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။  မြန်မာ့အနုပညာလောကတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာ လုပ်၍ ရိုက်ကူးခဲ့သော “ကျန်စစ်သား” ဇာတ်ကားဖြင့် “အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု” ရရှိခဲ့ရုံသာမက ထိုဇာတ်ကားကို မလေးရှား၊ စင်္ကာပူ၊ သြစတေးလျ နှင့် တရုတ်နိုင်ငံတို့တွင် ရုံတင်ပြခဲ့သည်။ လူမင်း၏ ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ ၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော မင်းသားကြီး ညွန့်ဝင်း၊ မင်းသမီး ထက်ထက်မိုးဦးနှင့် မေသန်းနု တို့ နဲ့အတူ ပါဝင်ခဲ့သော “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားကြီး၊ ထိုနှစ်တွင်ပင် ဒါရိုက်တာ စင်ယော်မောင်မောင် ရိုက်ကူးခဲ့သော မင်းသား ညွန့်ဝင်း၊ လွင်မိုး၊ မင်းသမီး စိုးမြတ်နန္ဒာ တို့ နဲ့အတူ ပါဝင်ခဲ့သော “လျှို့ဝှက်သောနှင်း” ရုပ်ရှင်ဇာတ်ကားကြီး၊ ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော မင်းသား နေတိုး၊ မြင့်မြတ်၊ ပြေတီဦးတို့ ပါဝင်သော “ကိုတင့်တို့ စူပါရပ်ကွက်” ရုပ်ရှင်ဇာတ်ကားကြီး၊ ၂၀၁၈ ခုနှစ်တွင် လူမင်း ကိုယ်တိုင် ဒါရိုက်တာလုပ်၍ မင်းသမီး ဝတ်မှုန်ရွှေရည်၊ အိန္ဒြာကျော်ဇင်၊ ပတ်ထရစ်ရှာ၊ ထွန်းအိန္ဒြာဗိုလ်တို့ပါဝင် သရုပ်ဆောင်ထားသော “ရောင်ပြန်” ရုပ်ရှင် ဇာတ်ကားကြီး အစရှိသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ အဖြစ်လည်း (၂၀၁၃) ခုနှစ်၊ ဇွန်လမှ (၂၀၁၇) ခုနှစ်အထိ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ခင်စံပယ်ဦး(ခင်စံပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်၊ သီဟတင်စိုးနှင့် စည်သူတင်စိုးတို့၏ ညီမ)နှင့် လက်ထပ်ခဲ့သည်။ ဧရာဝတီလူမင်း အမည်ရှိသော သမီးလေးနှင့် ဧဝရတ်လူမင်း အမည်ရှိသော သားလေးတို့ ထွန်းကားခဲ့သည်။