အင်းလေးကန်

Listing Description

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိပါသည်။ မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်ပါသည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိပါသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြပါသည်။ လှေကို ခြေဖြင့်လှော်ခတ်ကြသည်မှာ တစ်မူထူးခြားပါသည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားပါသည်။ အင်းလေးကန်သည် အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ ပေ (၈၈၀မီတာ) တွင်တည်ရှိပါသည်။ နွေရာသီတွင် အနက် ၇ ပေ (၂.၁မီတာ) ခန့်ရှိပြီး ရေနက်သောနေရာတွင် ၁၂ ပေ (၃.၇မီတာ) ခန့်ရှိပါသည်။ မိုးရာသီတွင် ၅ ပေ (၁.၅) မီတာ ရေမျက်နှာ မြင့်တက်ပါသည်။ အင်းလေးကန်သည် တောင်ပေါ်အင်းအိုင်ကြီး တစ်ခုဖြစ်ပြီး တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်ပါသည်။ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဖက်စွန်မှ စီးထွက်သွားပါသည်။