အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသတွင် တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၆၄၀.၉၁ စတုရန်းကီလိုမီတာ (၂၄၇.၄၆ စတုရန်းမိုင်) ရှိသည်။ ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း)မှ သတ်မှတ်သည့် “ရမ်ဆာရေဝပ်ဒေသများ” ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဇီဝအဝန်းနယ်မြေ (Bioshpere Reserve) အဖြစ် ယူနက်စကို၊ လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီ (UNESCO Man and the Biosphere Reserve Programme, International Coordinating Council) မှ (၂၇)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုသတ်မှတ်ခဲ့သည်။ အဓိကအရင်းအမြစ်မှာ ဆောင်းခိုငှက်များနှင့် ဒေသတွင်းငှက်များ နေထိုင်ကျတ်စားကြခြင်း ဖြစ်ပြီး ၁၇၅မျိုးသော မျိုးစိတ်များ ကျက်စားနေထိုင်ကြသည်ဟု သိရသည်။

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

- ကမ္ဘာပေါ်တွင် ထင်ရှားသည့် ပင်လယ်ရေမျက်နှာပြင် အထက် (၂၉၅၀)ပေတွင် ထူးခြားသော - ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကို လေ့လာနိုင်ခြင်း၊

- ရှမ်းကုန်းမြေမြင့်၏ တောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစားနိုင်ခြင်း၊ ငှက်မျိုးစုံလင်စွာ လေ့လာကြည့်ရှုနိုင်ခြင်း၊

- သုတေသနပြုလုပ်နိုင်ခြင်း၊

- အခြားနိုင်ငံဒေသများ၌ မတွေ့ရှိနိုင်သော ငါးမျိုးများ၏ နေထိုင်ကျက်စားမှုကို လေ့လာနိုင်ခြင်း၊

- အင်းသားတို့၏ ရိုးရာကျွန်းမျှောများကို အသုံးပြု၍ ရေပေါ်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးမှုစနစ်ကို လေ့လာနိုင်ခြင်း၊

- တိုင်းရင်းသားများ၏ ခြေဖြင့်လှော်ခတ်သည့် ထူးခြားသော ဓလေ့ကို လေ့လာနိုင်ခြင်း၊

- ရေလယ်ဖောင်တော်ဦး ဘုရားကို ဖူးမြော်ကြည်ညိုနိုင်ခြင်း။