သင်းသေချောင်းရေတံခွန်အပန်းဖြေစခန်း

Listing Description

ချင်းပြည်နယ် ပလက်ဝမြို့၊ ရိက္ခာရပ်ကွက် အနောက်ဘက်၊ ပလက်ဝ-မတူပီ ကားလမ်းဘေးတွင် တည်ရှိပါသည်။ ရေတံခွန်သည် အဆင့်နှစ်ဆင့်ရှိပြီး မြို့တွင်းရေဖြန့်ဖြူးရေး၊ ရေအားလျှပ်စစ်ဖြန့်ဖြူးရေးများအပြင် အပန်းဖြေစခန်းတစ်ခုအနေဖြင့်လည်း စွမ်းဆောင်ပေးနိုင်သည့် ရေတံခွန်တစ်ခုဖြစ်သည်။ မိုးရာသီတွင်သာ ရေပန်းဝေဖြာ စီးဆင်းပြီး ရေတံခွန်၏ အလှတရားကို ဖော်ဆောင်နိုင်ကာ ကျန်အချိန်များတွင် ရေစီးဆင်းမှု လျော့နည်းသည်။ ရေတံခွန်သို့ အပန်းဖြေခရီးလာရောက်ရင်း ရေတံခွန်ဝန်းကျင်ရှိ ဘုရားပုထိုးများရှိရာ တောင်ကုန်းများသို့လည်း သွားရောက်ဖူးမြော်နိုင်သည်။ ရေတံခွန်ကို ရာသီချိန်ခါမရွေး ရေစီးဝေဖြာရေး၊ ပတ်ဝန်းကျင် အမြဲစိမ်းလန်းစိုပြေရေးနှင့် အပန်းဖြေစခန်းတစ်ခုအဖြစ် ထာဝရအသုံးပြုလာနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်လျှပ်စစ်၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများပါဝင်ကြသည့် ပူးပေါင်းအဖွဲ့က သင်းသေချောင်း ကြိုးပြင်ကာကွယ်တောဧရိယာဧက ၅၂၀ ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။