ရွေးကောက်ပွဲအငြင်းပွားမှုတွေ ဖြေရှင်းပြီးမှ လွှတ်တော်သစ်ခေါ်ဖို့ ရှမ်းနဲ့ကရင်ပါတီတချို့ တောင်းဆို

25-Jan-2021

ကျော်လွင်ဦး

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအခင်းအကျင်း မဖြစ်ခဲ့ဘဲ မဲမသမာမှုတွေ၊ ရွေးကောက်ပွဲအငြင်းပွားမှုတွေ ရှိနေတဲ့အတွက် ဒီကိစ္စတွေကို ဖြေရှင်းပြီးမှ လွှတ်တော်သစ်ခေါ်ယူဖို့ ကရင်ပြည်သူ့ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့က တတိယ အကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး သတင်းထုတ်ပြန်ချက်တွေ၊ သတင်းစာရှင်းလင်းပွဲတွေ ဆက်တိုက်လုပ်နေချိန်မှာပဲ ဒီတိုင်းရင်းသားပါတီ နှစ်ခုက မနေ့ကပဲ အခုလိုတောင်းဆိုလိုက်တာပါ။

ရွေးကောက်ပွဲကိစ္စ အငြင်းပွားနေတာတွေကို ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်သင့်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

"ထုတ်ပြန်ချက်ထဲကအတိုင်း သဘောထားက ကျနော်တို့တွေမြင်နေရတယ်။ အဲဒါကြောင့် ဒီလို သဘောထား ထုတ်ပြန်ပါတယ်ဆိုတာ၊ ကျနော်တို့က မတိုင်ဘူး၊ သူများတိုင်တာကြည့်လိုက်တော့ အဲဒါ ရှင်းပြီးမှ လွှတ်တော်ခေါ်တာ သင့်တော်တာပေါ့နော် အဲလိုမျိုးဆိုလိုတာ၊ မရှင်းဘဲခေါ်ရင် ခေါ်လို့ရတာပဲ လေ ပွင့်ပွင့်လင်းလင်းဖြစ်စေချင်တာ။"

၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ မဖော်ဆောင်နိုင်ခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ရဲ့ မနေ့က ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲရလဒ်ကြေညာရာမှာလည်း မဲပေးနိုင်တဲ့ဦးရေထက် မဲအရေအတွက် သန်းနဲ့ချီ ပိုပြီး ပေးထားတဲ့ မဲမသမာမှုတွေရှိတယ်ဆိုပြီး တိုင်ကြားမှုတွေ တွေ့ရတယ်လို့လည်း SNDP ပါတီ က ဆိုပါတယ်။

ကရင်ပြည်သူ့ပါတီကလည်း မဲစာရင်းနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဦးစားပေး အရေးယူဆောင်ရွက်ဖို့ မနေ့ကပဲ တောင်းဆိုထားပါတယ်။

ကရင်ပြည်နယ်မှာ မဲစာရင်း မှားယွင်းမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး အမြင်ရှင်းအောင် စစ်ဆေးပေးဖို့ တောင်းဆိုတာလို့ ကရင်ပြည့်သူပါတီ (KPP) ဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ပြောပါတယ်။

"ကျနော်တို့ကတော့ ကရင်ပြည်နယ် မဲတွေပေါ့ဗျာ၊ နည်းနည်းအငြင်းပွားမှုဖြစ်နေတယ်လို့ တင်ကြတယ် လေ၊ အဲဒါလေးစိစစ်ပြီးတော့မှ ရှင်းလိုက်ရင်တော့ ပိုကောင်းတာပေါ့ဗျာ၊ ဒါမှမဟုတ်ရင် ပြည်သူလူထုတွေ က သို့လော သို့လော ဖြစ်နေမှာပေါ့၊ အဲဒါပါပဲ ရည်ရွယ်ချက်ကတော့၊ သီးခြားအဖွဲ့လေးဖွဲ့ပြီးတော့ နည်းနည်းစစ်ခိုင်းပြီးတော့ အဲဒါတွေ့ရှိချက်လေးထုတ်လိုက် ဒါဆိုရင်တော့ အနာဂတ်လည်း ကောင်းတာ ပေါ့ဗျာ၊ ဘယ်အဖွဲ့အစည်းမဆို ကောင်းတာပေါ့ဗျာ။"

ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ တရားမျှတမှုနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ ကိစ္စတွေကို ကိုယ်တိုင်ကြုံတွေရသူတွေဆီကရော သတင်းစာမျက်နှာတွေကပါ သိရတယ်လို့ ကရင်ပြည်သူ့ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်က ဆက်တိုက်ထုတ်ပြန်နေတဲ့ မဲမသမာမှုတွေဖြစ်စေနိုင်တဲ့ မဲအရေအတွက်ဟာ ကရင်ပြည်နယ် မှာ အများဆုံးဖြစ်နေတယ်ဆိုပြီး ဖော်ပြထားတာကြောင့် ပွင့်လင်းမြင်သာအောင် ဖော်ပြရှင်းလင်းပေးဖို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က တောင်းဆို ထားပါတယ်။ အခုလိုတောင်းဆိုနေတဲ့ SNDP ပါတီနဲ့ KPP ပါတီတို့ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်နယ် လွှတ်တော် တစ်နေရာစီ အနိုင်ရထားတဲ့ပါတီတွေ ဖြစ်ပြီး KNDP ပါတီကတော့ တစ်နေရာမှ အနိုင်မရ ထားပါဘူး။

ဒီလို မဲမသမာမှုတွေကို စစ်ဆေးဖို့နဲ့ စစ်ဆေးပြီးမှ လွှတ်တော်ခေါ်ဖို့ ဒီတိုင်းရင်းသားပါတီတစ်ချို့က တိုက်တွန်းနေပေမယ့် အဲဒီအယူအဆကို လက်မခံတဲ့ တိုင်းရင်းသားပါတီတွေလည်း ရှိပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်းမှာ လွှတ်တော်ကို မဖြစ်မနေခေါ်ဖို့ လိုအပ်ပြီး မဲမသမာမှုတွေအပါအဝင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုတွေကိုတော့ ဥပဒေအတိုင်းသာ ဖြေရှင်းသင့်တယ်လို့ ဝ အမျိုးသားပါတီ (WNP) ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ပြောပါတယ်။

"မသမာမှုတွေ၊ တရားမဲပြုကျင့်မှုတွေတော့ ပေါ်ပေါက်နေတာဘဲ၊ ဒါအမှားအမှန်ကတော့ ကော်မရှင်က စိစစ်သွားမှာပဲ၊ ကော်မရှင်နဲ့စိစစ်နေတဲ့ကာလ ကျနော်တို့ လွှတ်တော်ကို စောင့်ဆိုင်းရမယ်ဆိုရင် ဒါက မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ခေါ်ရမယ်၊ လွှတ်တော်တက်ရမယ်၊ တကယ်လို့ လွှတ်တော်မကျင်းပဘူးဆိုရင် ကြားကာလဟာ လွှတ်တော် လုပ်ငန်း ဆောင်ရွက်မယ့်သူကမရှိဘူး၊ အစိုးရဟောင်းက ကိုင်တွယ်လုပ်ဆောင်ဖို့ဆိုတာလည်း ဥပဒေမှာ ပြဌာန်းထားခြင်းမရှိတာကြောင့် လွှတ်တော်ကတော့ ကျင်းပနေရမှာပဲလို့ ကျနော်တို့ပါတီက မြင်တယ်။"

WNP ပါတီက ကိုယ်စားလှယ်တွေလည်း လာမယ့် လွှတ်တော်သစ်မှာ တက်ရောက်မှာဖြစ်ပြီး၊ မဲမသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေ ရှိခဲ့တဲ့ကိစ္စတွေကိုတော့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တိုင်ကြားထားသလို ပါတီ ကလည်း တိုင်ကြားခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ သူတို့ပါတီအနေနဲ့ ဥပဒေကြောင်းအရ ခုခံချေပဖို့ ပြင်ဆင်ထားတယ်လို့ ဦးဆိုင်ပေါင်းနပ်က ပြောပါတယ်။ WNP ပါတီဟာ ပြည်သူ့လွှတ်တော်မှာ တစ်နေရာ၊ ပြည်နယ်လွှတ်တော်မှာ နှစ်နေရာ အနိုင်ရထားတာပါ။

တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပြင် တိုင်းရင်းသားပါတီတစ်ချို့က မဲမသမာမှုတွေ ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ဖို့ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အီးမေးလ်က တစ်ဆင့် မေးခွန်းတွေ ပေးပို့မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကိုလည်း အိမ်တော် သတင်းသမားများ ဖေ့စ်ဘွတ် ဂရုကနေ ဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

အာဏာရပါတီဖြစ်တဲ့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ တိုင်းရင်းသားပါတီတွေ မှာလည်း တောင်းဆိုခွင့်ရှိကြောင်း၊ ဒါပေမဲ့ လွှတ်တော်ခေါ်တာ၊ အစိုးရဖွဲ့တာတွေကို ဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

"တောင်းဆိုတာက သူတို့တောင်းဆိုခွင့်ရှိပါတယ်၊ လိုက်လုပ်ခြင်းမလုပ်ခြင်းကတော့ ဥပဒေမှာ အဲလို ဆောင်ရွက်ဖို့ အချက်အလက် မပါပါဘူးခင်ဗျ၊ တိုင်းရင်းသားပါတီတစ်ခုက၊ နိုင်ငံရေးပါတီတစ်ခုက ခိုင်လုံခြင်းမရှိတဲ့ အကြောင်းပြချက်တစ်ခုနဲ့ အစိုးရဖွဲ့ခြင်းလွှတ်တော်ခေါ်ခြင်းကို တားဆီးနိုင်တယ်ဆိုတာ ကျနော်တို့ ဘယ်မှာမှ မပါပါဘူး၊ ဥပဒေနဲ့အညီတော့ ကျနော်တို့ဆက်လုပ်သွားမှာပါ။"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သစ် ခေါ်ယူဖို့ ပြဌာန်းထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အငြင်းပွားတဲ့ကိစ္စတွေကိုလည်း ရက်ပေါင်း ၉၀ အတွင်း ကန့်ကွက်နိုင်သလို ရွေးကောက်ပွဲကော်မရှင်က ဥပဒေကြောင်းအရ ဆက်လက်ဖြေရှင်းပေးဖို့ဆိုပြီး ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအရ ဒီနည်းအပြင် အခြားနည်းလမ်းမရှိဘူးလို့ ရွေးကောက်ပွဲစောင့်ကြည်လေ့လာသူတွေက ပြောပါတယ်။

"တင်းမာတယ်၊ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဘဲနဲ့ မပြောဘဲနဲ့ တစ်ယောက်ကစွပ်စွဲသလိုပြောလိုက်၊ တစ်ယောက်ကလည်း စွပ်စွဲချက်တွေကို အသာစီးရထားတဲ့ဥပဒေကြောင်းအရပဲ ဖြေရှင်းလိုက်၊ တုံ့ပြန်လိုက် လုပ်နေမယ့်အစား ဖြစ်နိုင်ရင်တော့ တွေဆုံဆွေးနွေးပြီးတော့ ခင်ဗျားတို့က ဘာကိုမသာမာမှု လို့ ပြောချင်တာလဲ၊ အဲမသာမာမှုတွေက ဒါကြောင့် ဒီလိုဖြစ်နိုင်ပါတယ်ဆိုပြီး ပြန်လည်ဖြေရှင်းတာမျိုး အဲလိုမျိုး သူအားနည်းချက်၊ ကိုယ့်အားနည်းချက်တွေကလည်း တစ်ဘက်နဲ့တစ်ဘက် ကျေနပ်ပြီး နားလည်တာမျိုး လုပ်ပေးလိုက်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့တော့ ကျနော်ကထင်တယ်။"

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ OMI က ဦးအေးကျော် သုံးသပ်သွားတာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်၊ ရွေးကောက်ပွဲကော်မရှင်ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ကြံံ့ခိုင်ဖွံံ့ဖြိုးရေးပါတီထောက်ခံသူတွေက ဆန္ဒပြတာတွေ၊ တပ်မတော်က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုနေတာတွေ၊ နိုင်ငံရေးပါတီတချို့ကလည်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ဖို့ ပြောနေပေမယ့်လည်း လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပမှာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပတော့မှာဖြစ်ပါတယ်။

နေပြည်တော်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ ရောက်ရှိနေကြပါပြီ။
RFA Burmese