ထူးဆန်းတဲ့ ရောဂါကြောင့် လူ ရာနဲ့ချီ ဆေးရုံတက်ရ

07-Dec-2020

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒစ် ပြည်နယ်တောင်ပိုင်းမှာ အမည်မဖော်နိုင်သေးတဲ့ ရောဂါဆန်း တစ်ခု ဖြစ်ပွားလို့ လူ ၂၂၇ ဦး ဆေးရုံတင်ရပြီး အနည်းဆုံးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဝေဒနာခံစားရတဲ့ လူတွေဟာ မူးဝေအော့အန်တာတွေ ဖြစ်ပြီး လဲကျ သတိမေ့ကုန်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်လောက်က အီလူယူမြို့တစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရောဂါနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေ စုံစမ်းစစ်ဆေးတာတွေ လုပ်နေကြပါတယ်။

ဒီကိစ္စဟာ ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ် ဒုတိယ အဖြစ်အများဆုံးနိုင်ငံ အဖြစ် ရင်ဆိုင်ဖြေရှင်း နေရတဲ့ အိန္ဒိယနိုင်ငံ အတွက် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာတယ်လို့ ပြောရမှာပါ။

ပြီးတော့ အန်ဒရာပရာဒစ်ပြည်နယ် ကလည်း အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဖြစ်များ ဆုံးနေရာထဲက တစ်နေရာဖြစ်ပြီး လူ ၈သိန်းကျော် ကူးစက်ခံထားရပါတယ်။

ဒီရောဂါဆန်းနဲ့ ရောက်လာတဲ့ လူနာတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ကြည့်တော့ ပိုးကူးစက်ခံထားရတာ မတွေ့ရဘူးလို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး အာလာခါလီ ခရှစ်နာ ဆာရီနီဗာစ်က ပြောပါတယ်။

ရောဂါဖြစ်တဲ့သူတွေထဲမှာ အထူးသဖြင့် ကလေးတွေက မျက်လုံးတွေပူလာပြီး အော့အန် တာတွေ ရုတ်တရက် ဖြစ်ကုန်ကြတယ်လို့ အီလူယူ အစိုးရဆေးရုံက ကျန်းမာရေးအရာရှိ တစ်ယောက်က The Indian Express သတင်းစာကို ပြောပါတယ်။

ဆေးရုံကို ရောက်လာတဲ့ သူတွေထဲက ၇ ဦး ကတော့ ဆေးရုံက ဆင်းသွားပြီး၊ကျန်တဲ့ ၁၅၇ ဦးကိုတော့ ကုသမှုတွေ ဆက်လုပ်ပေးနေရတယ်လို့ တာဝန်ရှိတဲ့သူတွေက ဆိုပါတယ်။

အူလူယူက ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ အထူးဆေးအဖွဲ့တွေကို လွှတ်ထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာန အကြီးအကဲ ဂျာဂန်မိုဟန် ရက်ဒီက ပြောပါတယ်။ လူနာတွေနဲ့ သူတို့ မိသားစုတွေဆီကိုလည်း မစ္စတာရက်ဒီ သွားကြည့်မယ်လို့ မျှော်လင့်ရပါတယ်။

လူနာတွေရဲ့ သွေးနမူနာတွေထဲမှာလည်း ဗိုင်းရပ်စ်ပိုးတစ်ခုခု ကူးစက်ခံထားရတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး အာလာခါလီ ခရှစ်နာ ဆာရီနီဗာစ်က ပြောပါတယ်။

ရောဂါ စဖြစ်တဲ့နေရာကို တာဝန်ရှိတဲ့သူတွေ သွားကြည့်ပြီးတော့ ရေမသန့်တာနဲ့ လေထုညစ်ညမ်းတာကြောင့် ဖြစ်နိုင်တယ်လို့ သူတို့က ခန့်မှန်း သုံးသပ်ထားပါတယ်။ ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ ဓာတ်ခွဲခန်းကပဲ အဖြေထုတ်ပေးနိုင် ပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်ခဲ့တယ်ဆိုပြီး လက်ခံထားတဲ့ ဒီကိစ္စကို သေသေချာချာ စုံစမ်း စစ်ဆေးပေးဖို့ အတိုက်ခံပါတီ Telugu Desamက တောင်းဆိုထားပါတယ်။

BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။