ဆန္ဒမဲ (၂) ကြိမ်ပေးသူတို့ကို လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ အရေးယူ

12-Nov-2020

လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်း အသိပေးကြေညာခြင်း

( ၁၁ - ၁၁ - ၂၀၂၀ )

၁။     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ကဘိုကျေးရွာ အုပ်စု၊ ကဘိုကျေးရွာတွင် နေထိုင်သူ ဦးကျော်စိုးခိုင် သည် ကဘိုကျေးရွာ မဲရုံအမှတ်(၁)၌ တစ်ကြိမ်၊ ကျစွယ်ကျေးရွာ မဲရုံအမှတ်(၁)၌ တစ်ကြိမ်၊ စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ် ပေးခဲ့သည်ကို စစ်ဆေး တွေ့ရှိခဲ့ပါသည်။

၂။     ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ တာမွေမြို့နယ်၊ အရိုးကုန်း ရပ်ကွက်တွင် နေထိုင်သူ ဦးကြည်ဇင်သည် အရိုးကုန်းရပ်ကွက် မဲရုံအမှတ်(၅)၌ တစ်ကြိမ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်၊ မဲရုံအမှတ်(၈)၌ တစ်ကြိမ်၊ စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ် ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၃။     ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ လှည်းကူးမြို့နယ်တွင် နေထိုင်သူ ဒေါ်ဖြူဖြူဝင်း သည် ဝါးရုံစွန်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)၌ တစ်ကြိမ်၊ အင်းတိုင်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၄)၌ တစ်ကြိမ်၊ စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၄။     ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ဦးစိုးလွင် သည် အမှတ်(၁၂)ရပ်ကွက် မဲရုံအမှတ်(၅)၌ တစ်ကြိမ်၊ အမှတ်(၅)ရပ်ကွက် မဲရုံ အမှတ်(၃)၌ တစ်ကြိမ်၊ စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ် ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၅။     ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ဒေါင့်ချောင်းကျေးရွာတွင် နေထိုင်သူ ဦးမြင့်ဝင်း သည် ခနောင်ကျေးရွာ မဲရုံအမှတ်(၂)၌ တစ်ကြိမ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ မလေးကြီးကုန်းကျေးရွာ၊ မဲရုံအမှတ်(၃)၌ တစ်ကြိမ်၊ စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ် ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၆။     ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး (အနောက်) ကျေးရွာအုပ်စု မဲရုံအမှတ်(၃)တွင် ဆန္ဒမဲ ပေးခွင့်ပြုခဲ့ခြင်းကို ကျေနပ်မှု မရှိသဖြင့် ဦးထွန်းထွန်းဦး၊ ဦးသီဟအောင်၊ ဒေါ်လွင်မြတ်နိုး(ခ) နိုးနိုး တို့ ဦးဆောင်သော အင်အား (၇၀)ဦး ခန့်သည် လှည်းကူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် မော်တော်ယာဉ် (၅)စီးဖြင့် စီတန်း ကြွေးကြော်ခဲ့ကြောင်း သိရှိရပါသည်။

၇။     အထက်ဖော်ပြပါ ဖြစ်စဉ်များကိုကျူးလွန်ခဲ့သည့် ဦးကျော်စိုးခိုင်၊ ဦးကြည်ဇင်၊ ဒေါ်ဖြူဖြူဝင်း၊ ဦးစိုးလွင်၊ ဦးမြင့်ဝင်း၊ ဦးထွန်းထွန်းဦး၊ ဦးသီဟအောင်နှင့် ဒေါ်လွင်မြတ်နိုး(ခ) နိုးနိုး တို့အား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်