ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးထိုးဖို့ Putin ဆုံးဖြတ်

28-Dec-2020

ရုရှားနိုင်ငံထုတ် Sputnik V ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားသမ္မတ Vladimir Putin ထိုးတော့မှာဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ရုရှားအစိုးရရုပ်သံမှာ တနင်္ဂနွေနေ့က ပြောပါတယ်။

သမ္မတက သူ ကာကွယ်ဆေးထိုးမှာဖြစ်ပြီး ဒီလိုဆေးထိုးဖို့အတွက် တရားဝင် လုပ်ငန်းစဉ်အားလုံး ပြီးစီးတဲ့အထိ စောင့်ဆိုင်းနေတာဖြစ်ကြောင်း ပြောကြားချက်ကို ကိုးကားပြီး Peskov က ရုရှားရုပ်သံ Rossiya 1 ကို ပြောခဲ့တာပါ။

ကိုယ့်သဘောဆန္ဒအလျောက် Sputnik V ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို ဒီဇင်ဘာလ အစောပိုင်းက ရုရှားမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ သီးခြားစမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် အသက်ရွယ် ကြီးသူတွေအတွက် ဒီကာကွယ်ဆေးသုံးဖို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပေးလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာပဲ မော်စကိုမြို့တော်ဝန် Sergei Sobyanin က အသက် ၆၀ အထက် လူကြီးပိုင်းတွေကို တနင်္လာနေ့မှာ ဆေးစထိုးပေးဖို့ လုပ်မှာဖြစ်ကြောင်း သူ့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Putin က ရုရှားကာကွယ်ဆေးဟာ ထိရောက်ပြီး စိတ်ချရကြောင်းနဲ့ ဆေးမထိုးဘဲ နေစရာအကြောင်း မရှိသလို ဆေးထွက်လာချိန်အထိ သူစောင့်မှာဖြစ်ကြောင်း အရင်တုန်းက ပြောကြားခဲ့တာပါ။

ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ချိန်ကတည်းက သမ္မတ Putin ဟာ ခရီးလည်း သိပ်မသွားသလို ကွန်ပြူတာ အွန်လိုင်းအစည်းဝေးတွေပဲ ကျင်းပပြီး အဝေးကနေပဲ တာဝန်တွေ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

VOA News